ပျားရည်ကို ရှေးယခင်နှစ်ပေါင်းများစွာကတည်းက အစားအစာအဖြစ်ရော ဆေးဝါးအဖြစ်နဲ့ပါ အသုံးပြုခဲ့ကြပါတယ်။ ပျားရည်ဟာ ချိုမြပြီး အရသာအလွန်ရှိရုံသာမကပဲ ခန္ဓာကိုယ်အတွက် ကျန်းမာရေးကောင်းကျိုးတွေများစွာရှိတာကြောင့် သကြားအစားထိုးအနေနဲ့ သုံးသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပျားရည်ဘာကြောင့်စားပေးသင့်လဲ ပျားရည်ကဘယ်လိုကျန်းမာရေးကောင်းကျိုးတွေရစေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အာဟာရဓာတ်စုံလင်စွာပါဝင်တယ်

Source : Freepik

ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် စုံစုံလင်လင်ကို ပျားရည်တစ်ခုတည်းကနေ ရနိုင်ပါတယ်။ ပျားရည်မှာ ကယ်လိုရီပါဝင်မှုမရှိသလောက်နည်းပြီး ဗီတာမင်ဓာတ်များ ၊ ဓာတ်သတ္တုဓာတ်များနှင့် antioxidants များစုံလင်စွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်များစွာကို ပျားရည်စားသုံးပေးခြင်းဖြင့် ရရှိစေမှာဖြစ်ပါတယ်။

(၂) သွေးပေါင်ချိန်ကိုလျော့စေတယ်

Source : 1ZOOM

ပျားရည်မှာပါဝင်တဲ့ antioxidants ဓာတ်များက သဘာဝအတိုင်း သွေးပေါင်ကိုချိန်လျော့ကျစေဖို့ ကူညီပေးပါတယ်။ လူအပါအဝင် ကြွက်ကဲ့သို့ တိရိစ္ဆာန်တွေကို လေ့လာမှုတစ်ရပ်ပြုလုပ်ခဲ့ရာမှာလည်း ပျားရည်ဟာ သွေးပေါင်ချိန်တက်ခြင်းကို လျော့နည်းစေတဲ့ ရလဒ်မျိုးထွက်ခဲ့ကြောင်း သုတေသီတွေကပြောထားပါတယ်။ သွေးပေါင်ချိန်ဟာ နှလုံးရောဂါအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တာကြောင့် နေ့စဉ်ပုံမှန်ပျားရည်စားပေးမယ်ဆိုတာ နှလုံးကိုကျန်းမာစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။

(၃) အပူလောင်ခြင်းနှင့်အနာများအတွက် သုံးနိုင်တယ်

Source : Wallpaper Abyss – Alpha Coders

ရှေးခေတ်အီဂျစ်လူမျိုးတွေဟာ ပျားရည်ကို အပူလောင်ခြင်း မီးလောင်ဒဏ်ရာတွေနှင့် အနာများကို ကုသဖို့အတွက် လိမ်းဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ယနေ့ခေတ် လေ့လာမှုတစ်ခုအရလည်း ပျားရည်ကို အနာကုသရာမှာအသုံးပြုကြည့်ရာ ၄၃.၃% အထိအောင်မြင်မှု ရှိတယ်လို့ဆိုပါတယ်။ ပျားရည်ဟာ အရေပြားဆဲလ်နှင့် တစ်ရှူးတွေကို ပြန်လည် ကောင်းမွန်လာစေနိုင်တာကြောင့် အနာကျက်စေနိုင်တဲ့ သဘာဝလိမ်းဆေးတစ်ခုဖြစ်ပါတယ်။

(၄) အသားအရေနုပျိုစေတယ်

Source : Little Letters Linked

အသားအရေကျန်းမာရေးနဲ့ပတ်သတ်ပြီးလည်း ယနေ့ခေတ်မှာ ပျားရည်ကိုတွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိပါတယ်။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်များ ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားဆဲလ်တွေကို ကျန်းမာစေပြီး အသားအရေကိုနုပျိုလန်းဆန်းစေပါတယ်။ အရေပြားပေါ်က ဘက်တီးရီယားပိုးမွှားတွေကိုလည်း ဖယ်ရှားသန့်စင်ပေးတာကြောင့် ပျားရည်ကိုအရေပြားပေါ်မှာ လိမ်းပေးမယ်ဆိုရင် ကျန်းမာတဲ့ အသားအရေကိုရရှိစေမှာဖြစ်ပါတယ်။