တစ်ချို့သော နိုင်ငံတွေရဲ့ ဥပဒေတွေဟာ ထူးဆန်းပါတယ်။ မြို့ထဲမှာ သေခွင့်မပေးတာတို့ ည (၁၀) ကျော်တာနဲ့ အိမ်သာတက်ခွင့် မပေးတာတို့ စတဲ့ ထူးဆန်းတဲ့ တားမြစ်ချက်တွေ ရှိနေပါတယ်။

ဒီနေ့ kwee page က ကမ္ဘာတစ်ဝှမ်းက ထူးဆန်းတဲ့ တားမြစ်ချက်တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

သေခွင့်မပေးတဲ့ မြို့

Source: Indy100

Long Year Byen လို့အမည်ရတဲ့ မြို့လေးဟာ နော်ဝေးနိုင်ငံမှာတည်ရှိတဲ့ ဝင်ရိုးစွန်းမြို့လေးဖြစ်တစ်မြို့ဖြစ်ပါတယ်။ လူဦးရေ အနေနဲ့ (၁၀၀၀) ကျော်လောက်သာ နေထိုင်ပြီး ရာသီဥတုက အင်မတန်မှာ အေးတဲ့ မြို့ဖြစ်ပါတယ်။ ဒီမြို့ထဲမှာ အသက် (၆၅) ကျော်တဲ့ လူတွေကို မြင်တွေ့ရဖို့ ခဲယဉ်းလှပါတယ်။ ဒီမြို့လေးဟာ (၁၉၅၀) ခုနှစ်ကနေစလို့ လူသေအလောင်းတွေကို လက်မခံတော့ပါဘူး။ တကယ်လို့ ရှိခဲ့ရင်လည်း ချက်ခြင်းဖယ်ရှားရပါတယ်။

ဘာကြောင့်လဲဆိုတော့ ရာသီဥတုအေးပြီး အလောင်းတွေက ပုတ်သိုးဆွေးမြေ့သွားခြင်းမရှိတာကြောင့် သူတို့နဲ့အတူပါလာတဲ့ ရောဂါပိုးမွှားတွေလည်း မသေပဲ လောင်ထားသလိုဖြစ်နေပါတယ်။ ဒီမြို့မှာ လူသေခွင့်မပေးထားသလို သေသွားရင်လည်း အလောင်းမြုပ်နှံခွင့် မပေးပါဘူး။ တကယ်လို့ အသက်ကြီးလာတာပဲဖြစ်ဖြစ် နာတာရှည်ရောဂါတစ်ခုခုဖြစ်လာတာပဲဖြစ်ဖြစ် သင့်ကို နော်ဝေးမြို့တော် အော်စလိုကို ချက်ချင်းပို့ဆောင်လိုက်ပါတယ်။

ပီကေဝါးခြင်း

Source: I’m A Useless info Junkie

စင်ကာပူနိူင်ငံမှာ ပီကေဝါးခြင်းကို ပိတ်ပင်တားမြစ်ထားပါတယ်။ ပီကေဝါးခြင်းကို တားမြစ်ရုံသာမက နိုင်ငံအတွင်း ပီကေရောင်းဝယ်ခြင်း နဲ့ သယ်ဆောင်ခြင်းတို့ကိုပါ ပိတ်ပင်ထားပါတယ်။ ဒီတားမြစ်ချက်ကို မလိုက်နာပါက ဒဏ်ငွေအမြောက်အမြား ပေးဆောင်ရပါတယ်။

ည ၁၀ နာရီနောက်ပိုင်း အိမ်သာ တက်ခွင့်မပေးထားခြင်း

Source: Buddymentra

ဆွစ်ဇာလန်နိုင်ငံမှာ ည (၁၀) နာရီကျော်တာနဲ့ အိမ်သာတက်ခွင့်မရှိသလို ရေချိုးခွင့်ကိုလည်း မပေးထားပါဘူး။ ဒီဥပဒေကို ချိုးဖောက်ခဲ့ပါက အရေးယူခြင်းခံရပါတယ်။ အကြောင်းကတော့ ဆူညံသံကြောင့်ပဲဖြစ်ပါတယ်။ အိမ်သာတက်ပြီး ရေဆွဲချလိုက်ရင် အသံကျယ်ကြီးထွက်လာပြီးတော့ အိပ်နေကြပြီဖြစ်တဲ့ အိမ်နီးချင်းတွေကို နိုးသွားစေနိုင်ပါတယ်။

ဒီလိုပဲ ရေချိုးရင်လည်း ရေကျသံတွေက ဘေးအိမ်နီးချင်းက လူတွေကို နိုးသွားစေနိုင်ပါတယ်။ ဒါပေမယ့် ဒီပြသာနာကို ဖြေရှင်းနိုင်ဖို့အတွက် ကုမ္ပဏီတစ်ခုက အသံလုံးဝမထွက်တဲ့ အိမ်သာတွေကို တီထွင်ခဲ့ပါတယ်။ ဒါကြောင့် အဲ့အိမ်သာတွေကို တပ်ဆင်ထားမယ်ဆိုရင်တော့ ဘယ်ချိန်မှာမဆို အိမ်သာတက်နိုင်ပါတယ်။

ဓာတ်ဆီကုန်သွားလို့ လမ်းပေါ်မှာ ကားရပ်သွားခွင့်မရှိခြင်း

Source: Reddit

ဂျာမနီနိုင်ငံရဲ့ အဝေးပြေးလမ်းမတွေပေါ်မှာ ကားတွေက ဓာတ်ဆီကုန်ပြီး ရပ်နားခွင့်မရှိပါဘူး။  သင့်အနေနဲ့ ကားမောင်းနေတုန်း ဓာတ်ဆီကုန်သွားလို့ ကားက မတော်တဆ ရပ်သွားတယ်ဆိုရင်တော့ ဒဏ်ကြေးပေးဆောင်ရမှာပါ။

ဒီလို အမြန်လမ်းမတွေပေါ်မှာက ကားတွေကို အရှိန်နဲ့မောင်းနေတာကြောင့် ခုလိုရပ်လိုက်တာက အန္တရာယ်အရမ်းများလွန်းလှပါတယ်။ သင်တို့အနေနဲ့ ကားဆီကုန်သွားလို့ဆိုတဲ့ အကြောင်းပြချက်မျိုးကိုလည်း ပေးလို့ မရပါဘူး။ သင်တို့ပဲ အဲ့ကားကို မောင်းနေတာဆိုတော့ ခုလိုဓာတ်ဆီကုန်သွားတာက သင့်အပြစ်လို့ပဲ မှတ်ယူထားပါတယ်။ ဒါကြောင့် ဂျာမနီအဝေးပြေးလမ်းမှာ ကားမောင်းမယ်ဆိုရင်တော့ ဆီကို အရင်စစ်သွားဖို့ လိုပါတယ်။