အိပ်ရေးမဝခြင်းသည် ခန္ဓာကိုယ်ကို အာရုံစူးစိုက်လို့မရအောင် စိတ်ဖိစီးမှုများလာစေပါတယ်။ အိပ်ရေးပျက်မှု ကြာရှည်လာပါက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ စိတ်ကျရောဂါ၊ အဝလွန်ခြင်းနှင့် ကိုယ်ခံစွမ်းအားကျဆင်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေကတော့ ဦးနှောက်ကို ကျုံ့သွားစေတာပါပဲ။
ပျမ်းမျှလူသားတစ်ယောက်အနေနဲ့ တစ်ညလျှင် အိပ်စက်ချိန် ၇ နာရီခွဲကျော်ခန့် လိုအပ်ပါတယ်။ ဒါပေမဲ့ လူတော်တော်များများသည် လုံလောက်တဲ့အိပ်စက်ချိန်ကို မရရှိကြပါဘူး။
သင့်ခန္ဓာကိုယ်က လုံလောက်တဲ့ အိပ်စက်ချိန် မရရှိတဲ့အခါ အခုဖော်ပြမယ့်လက္ခဏာများ ပြုမူတတ်ကြပါတယ်။
ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားမယ်
ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ ချက်ချင်းဆိုသလို အိပ်ပျော်သွားခြင်းသည် သင်သည် ယခုထက်ပိုပြီး အိပ်စက်အနားယူဖို့ လိုအပ်ကြောင်းဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။
ဆုံးဖြတ်ချက် မချမှတ်နိုင်ဘူး
ဘယ်ကော်ဖီ သောက်ရင်ကောင်းမလဲဆိုတဲ့ ရိုးရှင်းတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ဖို့တောင် ခက်ခဲနေတယ်ဆိုရင် သေချာပါတယ် သင်သည် အိပ်ရေးဝဝ မအိပ်ထားရသေးပါဘူး။ ဒါ့အပြင် အိပ်ရေးမဝတဲ့အခါ သင့်ဦးနှောက်က တိကျတဲ့ သတင်းအချက်အလက်များကို မသိုလှောင်ထားနိုင်တော့ပါဘူး။
အမြဲတမ်း ဆာလောင်နေမယ်
သင် အိပ်စက်နေတဲ့အချိန်မှာ သင့်ဦးနှောက်သည် အိပ်စက်ခြင်းကနေတဆင့် စွမ်းအင်တွေကို ရယူရပါတယ်။ တကယ်လို့ အိပ်စက်ခြင်းကနေ စွမ်းအင်မရရှိတော့တဲ့အခါ အစားအစာတွေကနေ စွမ်းအင်ရယူဖို့ ကြိုးစားလိုက်ပါတော့တယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်က အချိန်ပြည့်ဆာလောင်နေတာဖြစ်ပါတယ်။
မကြာခဏ နေမကောင်းဖြစ်မယ်
လုံလောက်တဲ့ အိပ်စက်မှုမရရှိခြင်းသည် သင့်ခန္ဓာကိုယ်ကို ကိုယ်ခံစွမ်းအားလျော့ကျစေပါတယ်။ ကိုယ်ခံစွမ်းအား ကျဆင်းနေသူများသည် အခြားသူတွေထက် နေမကောင်းဖြစ်နိုင်ချေ သုံးဆ ပိုများပါတယ်။ မကြာခဏ အအေးမိဖျားနာနေခြင်းသည်လည်း အိပ်ရေးမဝခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
အမေ့သန်ခြင်း
မှတ်ဉာဏ်အားကောင်းဖို့အတွက် အိပ်စက်ခြင်းသည် အရေးကြီးဆုံးအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ သုတေသနလေ့လာတွေ့ရှိခြင်းအရ အိပ်ရေးပျက်ခြင်းသည် ဦးနှောက်ဆဲလ်များကို ဆုံးရှုံးသွားစေပြီး ရေတို ရေရှည်မှတ်ဉာဏ်နှစ်ခုစလုံးကိုပါ ထိခိုက်လာကာ တဖြည်းဖြည်းနဲ့ အမေ့သန်လာတတ်တယ်ဆိုတာကို သိရှိရပါတယ်။
အထက်ဖော်ပြပါလက္ခဏာများကို ကြုံတွေ့ရပါက သင့်ရဲ့အိပ်စက်ချိန်ကို သေသေချာချာပြန်လည်ဆန်းစစ်ဖို့လိုအပ်ပြီပဲဖြစ်ပါတယ်။
Source: Losethebackpain.com
Featured Image Source: Sleepmdnyc.com