ချစ်သူတို့အကြားမှာ မေတ္တာမြဲဖို့ သစ္စာခိုင်ဖို့အရေးကလည်း တကယ့်အရေးခက်ကြီးတစ်ခုပါပဲ။ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်ဆိုတဲ့ နောက်ကွယ်မှာ အလွန်ရှုပ်ထွေးလှတဲ့ အစီအစဉ်တွေ အများကြီး ပါဝင်နေပါတယ်။ လူသတ္တဝါတွေရဲ့ အချစ်က ဆန်းကြယ်တယ်လို့ ဆိုတယ်မဟုတ်လား။ ဒါပေမယ့်လည်း ရိုးရိုးရှင်းရှင်း နဲ့ ထူးခြားတဲ့ နည်းလမ်းလေးတွေကလည်း ချစ်မှုရေးရာကို ပိုလို့ ထိရောက်မှုရှိစေနိုင်ပါတယ်။

(၁) ခွဲခွာဖို့ အချိန်ယူပါ

Man Alone

Photo: Unsplash

ကြားလေသွေးလို့ ဝေးမှာ စိုးသူတွေကို ခဏလောက် ခွဲနေပါလို့ ပြောတာဟာ အတော်လေး လက်မခံချင်စရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း မိသားစုနဲ့ အိမ်ထောင်မှုဆိုင်ရာ ကုထုံးပညာရှင် အက်စတာ ပီယယ်ကတော့ Relationship တွေအကြားက Space လေးတွေက သိပ်အရေးပါကြောင်းကို သူမရဲ့ စာအုပ်တွေမှာ ဖော်ပြထားပါတယ်။

ဒီထဲမှာ ရေးထားတဲ့တစ်ချက်က “အတူတကွ နေလိုခြင်းသည် သီးခြားစီ ရှိဖို့ လိုအပ်ခြင်းနှင့်တကွ ယှဉ်တွဲနေပေသည်။ ဤနည်းအားဖြင့် သီးခြားခွဲထားခြင်းသည် ဆက်သွယ်မှုအတွက် တင်ကြိုအခြေအနေတစ်ခု ဖြစ်လာပြီး ထိုအချက်သည်ပင် လိင်မှုကိစ္စနှင့် ကိုယ်လက်နှီးနှော ရောယှက်ခြင်းတို့၏ မရှိမဖြစ် လိုအပ်သည့် ဆန့်ကျင်ဘက်တရားဖြစ်လာသည်” လို့ ပါရှိပါတယ်။ သဘောက အချစ်သွေးတို့ နွေးနေဖို့ ရံဖန်ရံခါမှာ ခွဲနေဖို့ လိုတယ်ဆိုတာပါပဲ။

(၂) အတူတူ အိပ်ရာဝင်ပါ

Couple

Photo: Unsplash

ကျန်းမာတဲ့ အိပ်စက်မှုဖြစ်ဖို့ တစ်ရက် ၇ နာရီ အိပ်ပါ ၈ နာရီအိပ်ပါ ပြောကြပါတယ်။ ကျန်းမာတဲ့ Relationship မှာ အတူတူအိပ်ရာဝင်ဖို့ဆိုတဲ့ အချက်ကို ပြောဖို့ မေ့နေကြပါတယ်။ အိပ်ချိန်မတူတဲ့ လူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် နီးစပ်မှု ၊ စည်းချက်မှန်ဆက်သွယ်မှု ပြတ်တောက်လာနိုင်ပါတယ်။ တစ်ယောက်က အိပ်ရာထဲ ရောက်နေပြီး နောက်တစ်ယောက်က ဖုန်းနဲ့ Social Media သုံးနေတုန်းဆိုရင် ဒီ Relationship ဟာ ရေရှည်မှာ အဆင်မပြေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ဒီအချက်ဟာ အိမ်ထောင်ရှင်တွေ ပိုပြီး သတိထားသင့်တဲ့အချက်လို့ ဆိုချင်ပါတယ်။

(၃) ကိစ္စသေးသေးလေးတွေနဲ့ Surprise လုပ်ပါ

Couple In Sunset

Photo: Unsplash

သေးငယ်တဲ့ အပြုအမူလေးတွေဆိုပေမယ့် ကြီးမားနက်ရှိုင်းတဲ့ ခံစားချက်နဲ့ သက်ရောက်မှုတွေ ပေးနိုင်ပါတယ်။ သင့်လက်တွဲဖော်ဟာ သင့်ရဲ့ ဂရုစိုက်မှုကို အင်မတန်သေးတဲ့ အလင်းပေါက်ကနေ မြင်ရသလိုမျိုး မြင်တတ်ပါတယ်။ မြင်လည်း မြင်နိုင်ပါတယ်။ သင့်ရဲ့ မေတ္တာအပြည့်ပါတဲ့ စကားတစ်ခွန်း ၊ ကြင်နာမှုပြတဲ့ အမူအရာတစ်ချက် ၊ မရည်ရွယ်ထားတဲ့ အမှတ်တရတွေကို ချစ်ခြင်းမေတ္တာရဲ့ မျက်နှာစာအဖြစ် မြင်တတ်ပါတယ်။ တကယ်လည်း ဒီအပေါ်ကို လှိုက်လှိုက်လှဲလှဲ ခံစားတတ်ပါတယ်။

(၄) မှန်ကန်တဲ့ သဘောထားကွဲလွဲမှု ဖြစ်ပါစေ

Two Lighting Stick

Photo: Unsplash

ချစ်ပါတယ်ဆိုတဲ့လူတွေလည်း ရန်ဖြစ်ကြတာပါပဲ။ ရန်ဖြစ်တယ်ဆိုတာ ဆက်ဆံရေးရဲ့ အရေးပါတဲ့ အပိုင်းတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ မှန်မှန်ကန်ကန် ရန်ဖြစ်တာမျိုးက အလိမ်အညာနဲ့ချစ်ဟန်ဆောင်တာထက် ပိုကောင်းပါတယ်။ ပြဿနာတစ်ခုဖြစ်ရာမှာ မှန်ကန်တဲ့ ရန်ဖြစ်မှုဆိုတာ ယဉ်ကျေးငြင်သာတဲ့ အသုံးအနှုန်းနဲ့ အပြုသဘောအခြေခံပြီး ဖြစ်တာပါ။ ကိုယ်ပြောမယ့်စကားတွေ လွှတ်ခနဲ မပြောဘဲ ပြောခါနီး အရင်ဆုံး Edit လုပ်ပြီးမှ ပြောပါ။ ပြောခါနီး သူ့ကို ချစ်တဲ့အကြောင်း တွေးပါ။ လေးစားစိတ်အခံနဲ့ ပြောပါ။ တစ်ဖက်သား အမှားကို ခွင့်လွှတ်လိုစိတ် ရှေးရှုပါ။ ကိုယ့်အမှားအတွက် တာဝန်ယူပါ။ နှစ်ဦးအကြား ကွဲပြားမှုအကြားက မှန်ကန်တဲ့ပလက်ဖောင်းတစ်ခုကို ရှာပါ။ ရန်ဖြစ်ဖို့ ကြုံလာရင် ဒီလိုနည်းနဲ့ ရန်ဖြစ်တာမျိုးက အချစ်ရေးကို မထိခိုက်စေတဲ့အပြင် ပိုလို့တောင် ထိရောက်ကောင်းမွန်လာပါလိမ့်မယ်။

Featured Photo: independent