သက်သက်လွတ်စားခြင်းက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုအများကြီးပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာ သင်သိပါသလား။ အသားငါးစားသုံးပေးခြင်းက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာရရှိနိုင်တယ်ဆိုပေမယ့် သားငါးမပါတဲ့ သက်သက်လွတ်စားသုံးခြင်းကလည်း သင့်ရဲ့ လူနေမှုဘဝကိုအများကြီးပြောင်းလဲသွားစေမှာဖြစ်ပါတယ်။ဆေးပညာရှင်တွေအဆိုအရ သက်သက်လွတ်စားခြင်းဟာ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်၊ အရိုးပွရောဂါနှင့်ဆီးချိုရောဂါတွေကိုပါ ကြိုတင်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ဒီနေ့မှာတော့ သက်သက်လွတ်စားခြင်းဖြင့် အံ့သြစရာကောင်းလောက်အောင် ခန္ဓာကိုယ်မှာပြောင်းလဲလာမဲ့အရာတွေကို မျှဝေပေးချင်ပါတယ်။
(၁) အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်
Source : NU Hotel Brooklyn
သက်သက်လွတ်စားခြင်းက ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေဖယ်ရှားသန့်စင်ပေးတာကြောင့် ကျန်းမာခြင်းတွေကို ပိုမိုရရှိပိုင်ဆိုင်စေပါတယ်။ လက်ဆက်တဲ့ ဟင်းသီးဟင်းရွှက်တွေကို များများစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အူနဲ့ အစာအိမ်လမ်းကြောင်းမှာကပ်ညှိတွယ်နေတဲ့ အညစ်အကြေးနဲ့ ဓာတုအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အစာချေစနစ်ကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။ဒါကြောင့်ရေရှည်သက်သက်လွတ်စားမယ်ဆိုရင် အသက်ရှည်ကျန်းမာစွာတဲ့ ဘဝတစ်ခုရရှိစေမှာဖြစ်ပါတယ်။
(၂) အဝလွန်ခြင်းကိုကာကွယ်ပေးတယ်
Source : Healthy Life Insider
အဝလွန်ခြင်းဟာ လူတစ်ယောက်နဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ အများကြီးဆက်စပ်မှုရှိပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သက်သက်လွတ်စားသုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ အဆီနဲ့ ကိုလက်စထရောပမာဏဟာ သာမာန်လူတွေထက်လျော့နည်းတယ်လို့ သိရပါတယ်။ဟင်းသီးဟင်းရွှက်နဲ့ သစ်သီးဝလံတွေက ခန္ဓာကိုယ်မှာအဆီမတက်ဖို့အထောက်ကူဖြစ်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကိုလည်းထိန်းညှိပေးတာကြောင့် သက်သက်လွတ်စားသုံးခြင်းဖြင့် အဝလွန်ခြင်း လေဖြတ်ခြင်းနဲ့ ဆီးချိုရောဂါတို့ကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
(၃) အသားအရေကြည်လင်လာစေတယ်
Source : Runtastic
အသားအရေကြည်လင်လှပပြီး နုပျိုမှုတွေရရှိစေဖို့ အဓိကအားဖြင့် ဗီတာမင်၊ သတ္တုဓာတ်နဲ့ antioxidants များလုံလောက်စွာစားသုံးဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွှက်တွေမှာ ပေါများလှသော ဗီတာမင်၊ သတ္တုဓာတ်နဲ့ antioxidants ဓာတ်များပါဝင်တာကြောင့် အသားအရေကို ကြည်လင်လှပစေပြီး နုပျိုမှုတွေ ပေးစွမ်းမှာဖြစ်ပါတယ်။ဒါကြောင့် ကိုယ့်ရဲ့အသားအရေကြည်လင်လှပချင်သူတွေအနေနဲ့ သက်သက်လွတ်စားသုံးပေးဖို့လိုအပ်ပါတယ်။
(၄) စိတ်ဖိစီးမှုလျော့ကျစေတယ်
Source : Great Britain News
သက်သက်လွတ်စားသူအများစုဟာ စိတ်ခံစားချက်ပိုမိုကောင်းမွန်တာတွေ့ရပြီး သက်သက်လွတ်မစားသူတွေနဲ့ ယှဉ်လိုက်ရင် ပျော်ရွှင်မှုကိုပိုခံစားကြရတာဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့အစာအဟာရဓာတ်တွေထဲမှာ အသီးအရွှက်ထက် အသားဓာတ်အလျွန်အကျွံစားသုံးမိသူတွေဟာ စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုတွေကို ခံစားဖို့အခွင့်အလမ်းပိုများကြပါတယ်။ လက်ဆက်တဲ့ သဘာဝဟင်းသီးဟင်းရွှက်တွေက ရုပ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါကောင်းမွန်စေတာကြောင့် သက်သက်လွတ်စားခြင်းဖြင့် ပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
(၅) ဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေတယ်
Source : Medical News Today
ဟင်းသီးဟင်းရွှက်တွေမှာ အမျှင်ဓာတ် ဗီတာမင်ဓာတ်များနှင့် antioxidants များကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုအထောက်အပံ့ဖြစ်စေပါတယ်။ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ရေဓာတ်ကိုလည်း ဟင်းသီးဟင်းရွှက်တွေ မှတဆင့်ရရှိနိုင်ပါတယ်။ဒါကြောင့် သက်သက်လွတ်စားသုံးခြင်းက သဘာဝအတိုင်း ခန္ဓာကိုယ်အားအင်ပြည့်ဝစေပြီး ကျန်းမာတဲ့လူနေမှုဘဝကိုရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။