လူတစ်ယောက် အမြင့်ရောက်ဖို့ ၊ ပျော်ရွှင်ချမ်းမြေ့ဖို့ဆိုတာ ကိုယ့်ကိုယ်တိုင်ရဲ့ အားထုတ်မှုအပြင် ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုလည်း သိပ်လိုပါတယ်။ မိတ်ကောင်းဆွေကောင်း ၊ လမ်းပြကောင်းတွေနဲ့ ခရီးသွားသူဟာ ပိုပြီး အောင်မြင်ဖို့ အလားအလာ များပါတယ်။
အောင်မြင်ချင်ရင် ကိုယ့်စိတ်ထဲမှာ အောင်မြင်ရမယ်ဆိုတဲ့ အချက်ပေးသံ ညံနေဖို့ လိုသလို ကိုယ်ကို အပြုသဘောနဲ့ လွှမ်းမိုးလမ်းပြပေးမယ့်သူတွေလည်း အနားမှာ ရှိနေဖို့ လိုပါတယ်။ ဒီထဲမှာ အခုပြောတဲ့ လူ ၃ မျိုးလည်း ပါပါစေ။

(၁) တိုင်လိုလူ

Photo: Freepik

ခက်ခဲပင်ပန်းနေချိန်မှာ ကိုယ့်အနား အမြဲရှိမယ့်သူတွေကို ‘တိုင်လုံးကြီးတွေ’နဲ့ တူတဲ့သူတွေလို့ ဆိုချင်ပါတယ်။ သင့်အတွက် လိုအပ်ချိန်မှာ အရာရာပစ်ချပြီး သင့်ဆီ အပြေးလာမယ့်သူငယ်ချင်း ၊ သင့်ကို အမြင့်ရောက်စေချင်တဲ့ ဆရာသမား ၊ သင်အလုပ်ဝန်ပိနေချိန်မှာ မဆိုင်းမတွ ကူညီပေးမယ့် လုပ်ဖော်ကိုင်ဖက်လိုမျိုး လူတွေ ဖြစ်ပါတယ်။

(၂) တံတားလိုလူ

Photo: Freepik

သင့်အတွက် ပတ်ဝန်းကျင်ကောင်းတွေ ၊ မိတ်သစ်ဆွေသစ်တွေနဲ့ အမြင်သစ်တွေကို ချိတ်ဆက်ပေးသူမျိုး ဖြစ်ပါတယ်။ သင့်ကို တိုးတက်တဲ့ အသိုင်းအဝိုင်းထဲ ခေါ်လာတဲ့သူလည်း ဖြစ်ချင်ဖြစ်မယ် ၊ သင့်ဘဝကို မြေတောင်မြှောက်ပေးနိုင်စွမ်း ရှိသူတွေနဲ့ မိတ်ဆက်ပေးတဲ့သူလည်း ဖြစ်နိုင်ပါတယ်။

(၃) လှေကားလိုလူ

Photo: Freepik

သင့်ကို တစ်ဆင့်မြင့်စေတဲ့သူတွေ ၊ သက်တောင့်သက်သာ အခြေအနေကနေ သင့်ကို ဆွဲထုတ်ပေးမယ့်သူ ဒါမှမဟုတ် သင့်မှာ မရှိတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ Skill Set တွေ ရှိသူတွေကို ဆိုလိုပါတယ်။ ရှက်တတ်ကြောက်တတ်ပြီး Introvert ဆန်တဲ့ သူတစ်ယောက်အတွက် လူမှုဆက်ဆံရေးကျွမ်းကျင်ပြီး လူပေါင်းဆံ့တဲ့ Extrovert တစ်ယောက်ဟာ သင့်ကို အတွေ့အကြုံသစ်တွေ ပေးမယ့်သူ ဖြစ်ပါတယ်။
ဒီလူ ၃ မျိုးဟာ သင့်ဘဝကို အပြုသဘောဆောင်တဲ့ ဩဇာလွှမ်းမိုးမှုပေးနိုင်ပြီး ဘဝတစ်လျှောက်လုံးအတွက် လိုအပ်တဲ့ လူမျိုးတွေလည်း ဖြစ်ပါတယ်။