transfermarkt က ကိန်းဂဏန်းတွေက ၂၀၀၀ ပြည့်နှစ်ကတည်းက အပြောင်းအရွှေ့မှာ ငွေကြေးအများဆုံး သုံးစွဲထားတဲ့ နည်းပြတွေကို ပြသခဲ့ပြီး အချို့နာမည်တွေဟာ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီ၊ ဆာဂျီယို ရာမို့စ်၊ ဒွန်နာရမ်းမား၊ ဝိုင်နယ်ဒန်၊ ဟာကီမီ စတဲ့ ကမ္ဘာ့ထိပ်တန်းစူပါစတားကစားသမားတွေ အများအပြားကို ခေါ်ယူခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဘောလုံးသမိုင်းမှာ အကြီးမားဆုံး အပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ transfermarkt က ၂၀၀၀ ပြည့်နှစ်ကနေ လက်ရှိအချိန်အထိ ဈေးကွက်ထဲမှာ ပြောင်းရွှေ့ကြေးအများဆုံး ဘယ်နည်းပြက သုံးစွဲထားလဲဆိုတာကို ဇယားနဲ့ ဖော်ပြခဲ့ပြီး အများဆုံးသုံးစွဲထားတဲ့ နည်းပြ ၅ ဦးက ဘယ်သူတွေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၅။ အယ်လီဂရီ

Photo: juvefc
ဂျူဗင်တပ်အသင်းနည်းပြအဖြစ် ဒုတိယအကြိမ် ပြန်လည်တာဝန်ယူကိုင်တွယ်နေတဲ့ အယ်လီဂရီဟာ SPAL၊ ဆက်ဆူအိုလို၊ ကက်ဂလီယာရီ၊ အေစီမီလန် စတဲ့အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ကစားသမားခေါ်ယူမှုအတွက် စုစုပေါင်း ယူရို ၁.၀၆ ဘီလီယံအထိ သုံးစွဲထားခဲ့သူဖြစ်ပါတယ်။ အယ်လီဂရီရဲ့ နောက်ဆုံး ကြီးမားတဲ့ ကစားသမားခေါ်ယူမှုကတော့ ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ခရစ္စတီယာနို ရော်နယ်ဒိုကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
၄။ ပယ်လီဂရီနီ

Photo: Independent
လက်ရှိ ရီးရဲလ်ဘတ်တစ်အသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ချီလီလူမျိုး ဝါရင့်နည်းပြကြီး ပယ်လီဂရီနီဟာ ရေးဗားပလိတ်၊ ဗီလာရီးရဲလ်၊ ရီးရဲလ်မက်ဒရစ်၊ မာလာဂါ၊ မန်စီးတီး၊ ဝက်စ်ဟမ်း စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်ဒို၊ ကီဗင် ဒီ ဘရိုင်း၊ ကာကာ၊ စတားလင်းတို့လို ကစားသမားတွေကို ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးအသင်းတို့ကို ကိုင်တွယ်ခဲ့စဉ်က ခေါ်ယူခဲ့သူဖြစ်ပါတယ်။ ပယ်လီဂရီဟာ ၂၀၀၀ ပြည့်နှစ်ကနေ ယနေ့အချိန်အထိ ကစားသမားခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁.၁၆ ဘီလီယံအထိ သုံးစွဲထားခဲ့တာဖြစ်ပါတယ်။
၃။ အန်ဆယ်လော့တီ

Photo: Independent
ရီးရဲလ်မက်ဒရစ်အသင်းကို တကျော့ပြန် ကိုင်တွယ်နေတဲ့ အန်ဆယ်လော့တီဟာ ပါးမား၊ ဂျူဗင်တပ်၊ အေစီမီလန်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ နာပိုလီ၊ အဲဗာတန် စတဲ့ ထိပ်တန်းအသင်းတွေကို ကိုင်တွယ်ခဲ့စဉ်ကာလအတွင်း ကြီးမားတဲ့ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ခဲ့သူဖြစ်ပြီး စုစုပေါင်း ယူရို ၁.၃၇ ဘီလီယံအထိ သုံးစွဲခဲ့သူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူကိုင်တွယ်ခဲ့စဉ် ၂၀၁၃ ခုနှစ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းကနေ ဂါရတ်ဘေးလ်ကို ယင်းအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၈၆ သန်းနဲ့ ခေါ်ယူခဲ့သူဖြစ်ပါတယ်။
၂။ ပက် ဂွါဒီယိုလာ

Photo: eurosport
ဂွါဒီယိုလာဟာ ၂၀၀၈ ခုနှစ်မှ စီနီယာအသင်းကြီးကို စတင် နည်းပြခွင့် ရရှိခဲ့ပေမယ့်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပြောင်းရွှေ့ကြေးအများဆုံးသုံးစွဲခဲ့တဲ့ နည်းပြစာရင်းထဲမှာ အဆင့် ၂ ချိတ်နေတာက ၎င်းအနေနဲ့ တစ်ဦးကောင်း ကစားသမားတွေအပေါ်မှာ မှီခိုနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ခြေစွမ်းအတောက်ပဆုံး ကစားသမားတွေကို ခေါ်ယူဖို့ ယူရို ၁.၅၉ ဘီလီယံအထိ သုံးစွဲခဲ့တာဖြစ်ပြီး ဘယ်လောက်အထိ ငွေသုံးကြမ်းလဲဆိုတာ မန်စီးတီး ပရိသတ်တွေ အသိဆုံးဖြစ်မယ်လို့ ယူဆပါတယ်။
၁။ ဟိုဆေး မော်ရင်ညို

Photo: Financial Times
မော်ရင်ညိုရဲ့ နည်းပြသက်တမ်းတလျှောက်မှာ အကြီးမားဆုံးဝေဖန်ခံရတဲ့အရာက အောင်မြင်မှု ရရှိဖို့အတွက် အလွန်ကြီးမားတဲ့ ငွေကြေးပမာဏကို သုံးစွဲဖို့ လိုအပ်ခြင်းပဲ ဖြစ်ပါတယ်။ မော်ရင်ညိုဟာ ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါး စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ ၁၇ နှစ်တာ ကာလအတွင်း ယူရို ၁.၇၆ ဘီလီယံအထိ သုံးစွဲခဲ့ပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ငွေကြေးအများဆုံး သုံးစွဲထားတဲ့နည်းပြအဖြစ် ဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
Featured Image Photo: El Correo
