နေ့တစ်နေ့စတင်ချိန် မနက်ခင်းဟာ လူတစ်ယောက်အတွက် အရမ်းကိုအရေးကြီးပါတယ်။ မနက်ခင်းမှာ စိတ်ရှုပ်ထွေးစရာ အဆိပ်အတောက်တစ်ခုခုဖြစ်သွားပါက အဲ့ဒီနေ့တစ်နေ့လုံး အဆင်ပြေပြေဖြတ်သန်းနိုင်ဖို့က ရာခိုင်နှုန်းအရမ်းကို နည်းသွားပါပြီ။ ကျန်းမာပျော်ရွှင်တဲ့ နေ့တစ်နေ့ကို ဖြတ်သန်းချင်ရင်တော့ အခုပြောပြမယ့်အချက်လေးတွေ သတိထားဖို့ အကြုံပြုချင်ပါတယ်။
(၁) စိုးရိမ်ပူပန်စရာတွေ တွေးခြင်း
Source : mwurology.com
လူတိုင်းလူတိုင်းမှာ ပြဿနာတွေ ၊ သောကတွေဆိုတာတော့ရှိကြစမြဲပါ။ သို့သော်လည်း နေ့တစ်နေ့ကိုအစပြုတဲ့ မနက်ခင်းအချိန်လေးမှာတော့ အဆိုပါပြဿနာတွေကို ဖြေရှင်းဖို့မတွေးပါနဲ့ဦး။ နိုးနိုးချင်း ပြဿနာတွေကိုတွေးမိတဲ့အခါ တစ်နေ့လုံးစိတ်ထဲမှာလေးလံထိုင်းမှိုင်းနေပြီး ပြဿနာဖြေရှင်းဖို့နည်းလမ်းတွေ ၊ အကြံဉာဏ်ကောင်းတွေပါ စဉ်းစားနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်အိမ်ယာနိုးပြီးချင်း စိုးရိမ်ပူပန်စရာတွေ ပြဿနာတွေကို အရင်ဆုံးခေါင်းထဲအရောက်မခံပါနဲ့။
(၂) မနက်စာမစားခြင်း
Source : Freepik
လူတစ်ယောက်ဟာ အိပ်ယာနိုးပြီးချိန်မှစ၍ နာရီဝက်အတွင်း မဖြစ်မနေ မနက်စာစားရမှာဖြစ်ပါတယ်။ မနက်စာပုံမှန်မစားသုံးသူတွေဟာ အချိန်ကြာလာတာနဲ့ အမျှ မှတ်ဉာဏ်စွမ်းရည် ပျက်စီးလာခြင်း ၊ ကိုယ်အလေးချိန်တိုးလာခြင်း ၊ နှလုံးရောဂါဖြစ်နိုင်ချေပိုများခြင်းစတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်းမနက်ခင်းအချိန်မှာ မနက်စာမစားပဲ အလောတကြီး အပြင်ထွက်တဲ့အကျင့်ကို ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။
(၃) တစ်ကိုယ်ရည်သန့်ရှင်းမှုကိစ္စတွေကို ကျော်သွားခြင်း
Source : 123RF
တစ်ခါတစ်လေမှာ ရာသီဥတုအေးလို့ ၊ အချိန်နောက်ကျလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သွားတိုက်တာတွေ ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုကိစ္စတွေသေချာမလုပ်ပဲ အပြင်တန်းထွက်လိုက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ မနက်ခင်းမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိပဲ အပြင်သွားမယ်ဆိုရင် လန်းဆန်းတက်ကြွမှုရှိမှာမဟုတ်သလို ရေမွှေးတွေ ၊ Roll On တွေနဲ့ ဖုံးထားတဲ့ချွေးနံ့တွေကြောင့် ကိုယ့်ကိုယ့်ကို ယုံကြည်မှုကျဆင်းစေမှာဖြစ်ပါတယ်။ လုံးဝအချိန်မရရင်တောင် အနည်းဆုံးခြေလက်ဆေးတာလောက်တော့ ပြုလုပ်သင့်ပါတယ်။
(၄) ဖုန်းကိုင်ခြင်း
Source : Project Q Atlanta
မနက်အိပ်ယာထတဲ့အချိန် ဖုန်းတန်းကိုင်ခြင်းက သင့်ရဲ့ စိတ်ကို တက်ကြွလန်းဆန်းမှုပျောက်ဆုံးစေသလို အချိန်ကုန်လို့ကုန်မှန်းမသိ ဖြစ်စေတတ်တာကြောင့် အရေးကြီးကိစ္စချိန်းဆိုထားတာတွေ ၊ ရုံးအမြဲနောက်ကျတာတွေ ဖြစ်ပေါ်နေကြတာဖြစ်ပါတယ်။ မနက်ခင်းမှာဝင်လာတဲ့ မဖြစ်မနေကိုင်ရမယ့် Phone Call မျိုးကလွဲရင် အွန်းလိုင်းသုံးတာ ၊ ဂိမ်းဆော့တာတွေအားလုံးရှောင်ကျဉ်ရမှာဖြစ်ပြီး တတ်နိုင်ရင်လုံးဝ ဖုန်းမကိုင်တာကောင်းပါတယ်။




