ဝီစကီကောင်းတစ်ခွက်ဟာ သွေးနှိုးပေးတဲ့ စက်လိုပါပဲ။ ဝီစကီတွေဟာ သူ့ကိုယ်ပိုင် Brand ၊ ထုတ်ပိုးမှုနဲ့ အရသာအတိုင်း လာပါတယ်။ ဝီစကီကြိုက်သူတိုင်းကတော့ အရသာရွေးပြီး ကြိုက်တာများပါတယ်။ ဝီစကီတွေဟာ ထုတ်လုပ်တဲ့ နိုင်ငံပေါ်လိုက်ပြီး အရသာသိသိသာသာ ကွာပါတယ်။ ဒါက အကြမ်းဖျဉ်းပြောတာ ဖြစ်ပါတယ်။

တကယ်တော့ ဝီစကီဟာ သူ့ဒေသနဲ့သူ Taste လက္ခဏာ ကွဲပြားမှု ရှိပါတယ်။ ဒီတစ်ခေါက်မှာ နိုင်ငံအလိုက် ကွဲပြားသွားတဲ့ ဝီစကီတို့ရဲ့ အရသာအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။

(၁) စကော့

Photo: BBC

ဝီစကီမှာဆို စကော့လို့တောင် တင်စားရလောက်အောင် နာမည်ကြီးတာက Scotch ဝီစကီတွေ ဖြစ်ပါတယ်။ စာနဲ့ မှတ်တမ်းတင်ထားတာ တွေ့ရတဲ့ ပထမဆုံး စကော့ဝီစကီဟာ Exchequer Rolls of Scotland ဖြစ်ပြီး ၁၄၉၄ ခုနှစ်က ဖြစ်ပါတယ်။ စကော့ဝီစကီကို လက်တင်လို Aqua Vitae “အသက်ရွှင်စေတဲ့ရေ” လို့ ရှေးက ခေါ်ခဲ့ကြတယ်လို့ဆိုပါတယ်။

စကော့ဝီစကီထဲမှာ Single-Malted ၊ Blended ဆိုပြီး ရှိကြပါတယ်။ အရသာပြင်းရှပါတယ်။ ကျပ်ခိုးနံ့ Smoky ဆန်ပြီး မှော်ရိုးမီးတိုက်ပြီး Malted လုပ်ထားတဲ့ အနံ့မျိုးလည်း ရပါတယ်။ မုယောစပါး ၊ မြင်းစားဂျုံ စတာတွေနဲ့ ချက်လုပ်ပြီး စကော့ဝီစကီတစ်လုံးမှာ အယ်လ်ကိုဟောအနေနဲ့ အနည်းဆုံး ၄၀% ပါဖို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

(၂) အိုင်းရစ်ချ်

Photo: Whisky Advocate

အိုင်ယာလန်မှာ ထုတ်လုပ်လို့ Irish ဝီစကီလို့ ခေါ်ပါတယ်။ အိုင်ယာလန်ကလည်း ကမ္ဘာပေါ်မှာ အင်အားကြီး ဝီစကီထုတ်လုပ်သူ ဖြစ်ပါတယ်။ ၁၈၉၀ ပြည့်လွန်နှစ်တွေကဆို အိုင်ယာလန်မှာ အရက်ပေါင်းရုံကြီးတွေ အနည်းဆုံး ၂၈ ခုအထိ ရှီတယ်လို့ ဆိုပါတယ်။ အရက်ချက်လိုင်စင်ကို ပထမဆုံး ရသူက ဘက်ချ်မေးလ်မှ မြေပိုင်ရှင် ဆာသောမတ်စ်ဖီးလစ်ပ်ဖြစ်ပြီး ဂျိမ်းဘုရင် (၁) လက်ထက် ၁၆၀၈ ခုနှစ်က စပြီး လိုင်စင်ချပေးခဲ့တာပါ။

Irish ဝီစကီတွေထဲက Single Malt တွေက Scotch ဝီစကီတွေနဲ့ ဆင်ပါတယ်။ ချက်လုပ်ရာမှာတော့ နှစ်ထပ်ကွမ်း ၊ သုံးထပ်ကွမ်း ပေါင်းခံချက်လုပ်လေ့ ရှိပါတယ်။ Scotch တွေက ပြင်းလွန်းပေမယ့် Irish ဝီစကီတွေက အဝင်ညင်ညောသာယာပြီး ဘယ်ရီနံ့လေး မသိမသာစွက်နေတတ်ပါတယ်။

(၃) အမေရိကန်

Photo: ABC News

အမေရိကန်ဝီစကီ‌လို့ ဆိုလိုက်ရင် Bourbon ဝီစကီ ၊ Rye ဝီစကီ ၊ Rye Malt ဝီစကီ ၊ Malt ဝီစကီ ၊ Wheat ဝီစကီ ၊ Tennessee ဝီစကီနဲ့ Corn ဝီစကီတွေကို ပြောတာ ဖြစ်ပါတယ်။ အမေရိကန်မှာ ထုတ်လုပ်တဲ့ ဝီစကီတွေကလည်း ကမ္ဘာ့ထိပ်တန်းဝီစကီတွေအဖြစ် ဈေးကွက်ဝင်နေပါတယ်။ အမေရိကန်ဝီစကီတွေက အနံ့အရောင်တွေနဲ့ ဖမ်းစားပါတယ်။ ချက်လုပ်တဲ့ ပါဝင်ပစ္စည်းတွေပေါ်လိုက်ပြီး ပြောင်းဖူးနံ့ ၊ ဂျုံ ၊ မုယောနံ့တွေ ထွက်ပါတယ်။

(၄) ဂျပန်

Photo: Saveur

ဝီစကီနဲ့ပတ်သက်ရင် အနောက်နိုင်ငံတွေပဲ ထိပ်တန်းရောက်တာ မဟုတ်ပါဘူး။ ဂျပန်ဝီစကီတွေကလည်း အရည်အသွေးမြင့်တယ်လို့ နာမည်ကျော်ပါတယ်။ ဝီစကီထုတ်လုပ်မှု သက်တမ်းအနေနဲ့ ၁၈၇၀ ကတည်းက စတင်ခဲ့ပေမယ့် ဈေးကွက်ထဲ ထုတ်လုပ်ဖြန့်ချိတာကတော့ ၁၉၂၄ ခုနှစ်မှ ဖြစ်ပါတယ်။ ယာမာဇာကီမှာ နိုင်ငံရဲ့ ပထမဆုံးအရက်စက်ရုံဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အခြေခံအားဖြင့် ဂျပန်ဝီစကီတွေက စကော့ဝီစကီနဲ့ ပိုတူပါတယ်။ Blended လည်း ထွက်သလို Single Malt တွေလည်း ထုတ်ပါတယ်။ Smokey သိပ်မဖြစ်ဘဲ ဝါးအနံ့လေးတွေ ၊ သစ်သားဆန်တဲ့ရနံ့လေးတွေ ပိုရတာက ထူးခြားပါတယ်။