တက်တူး ထိုးပြီးတဲ့အခါ ဘယ်နှရက်လောက်ကြာရင် နာကျင်မှုတွေ သက်သာပျောက်ကင်းသလဲဆိုတာကို သိချင်နေကြမှာပါပဲ။ သင်က လောလောလတ်လတ်ကမှ တက်တူးထိုးထားတယ်ဆိုရင် နာကျင်မှု၊ ရောင်ရမ်းမှုများ ဘယ်နှရက်အတွင်း သက်သာပျောက်ကင်းမလဲဆိုတာကို သိထားဖို့လိုပါတယ်။
အဓိကအားဖြင့်တော့ နာကျင်ရောင်ရမ်းမှုများ သက်သာဖို့အတွက် အဆင့် (၄) ဆင့် ကြာတတ်ပါတယ်။
ပထမအဆင့်

တက်တူးထိုးပြီးပြီးချင်း ပထမဦးဆုံးအပတ်ဖြစ်တဲ့ ၁ ရက်နေ့ကနေ ၆ ရက်နေ့အတွင်းတွင် အသားအရေ နီမြန်းရောင်ရမ်းခြင်းတို့ကို ကြုံတွေ့ခံစားရတတ်ပါတယ်။
ဒုတိယအဆင့်

ဒုတိယမြောက်အပတ်ဖြစ်တဲ့ ၇ ရက်မြောက်နေ့ကနေ ၁၄ ရက်မြောက်နေ့အတွင်းမှာတော့ အသားအရေ ယားယံခြင်းနှင့် အရေပြားအဖတ်များ ကွာခြင်းတို့ ဖြစ်လာတတ်ပါတယ်။ ဒီအဆင့်က အရေးအကြီးဆုံးအဆင့်ပဲဖြစ်ပါတယ်။ အရေပြားအဖတ်များ ကွာလာခြင်းသည် ဆဲလ်သေများ ဖယ်ရှားပြီး ဆဲလ်အသစ်များဖြင့် အရေပြားအသစ် ပြန်လဲလို့ရအောင် ပြုလုပ်ရတဲ့အဆင့်ပါပဲ။
တတိယအဆင့်

တတိယမြောက်အပတ်ဖြစ်တဲ့ ၁၅ ရက်မြောက်နေ့နဲ့ ၂၂ ရက်မြောက်နေ့မှာတော့ သင့်တက်တူးဒဏ်ရာက လုံးဝကို အနာကျက်သွားပါပြီ။ ဒါပေမဲ့ သင့်တက်တူးဒီဇိုင်းက ပုံလှလှလေးတော့ ထွက်မှာမဟုတ်သေးပါဘူး။ ဒါ့ကြောင့် သင့်အရေပြားကို သန့်ရှင်းရေး ပြုလုပ်ရပါမယ်။
စတုတ္ထအဆင့်

ပထမဆုံးအဆင့် (၃) ဆင့်က အရေးကြီးသလို စတုတ္ထမြောက်အဆင့်ဖြစ်တဲ့ ထိန်းသိမ်းရမယ့်အဆင့်သည်လည်း အရေးကြီးပါတယ်။ သင့်တက်တူးကို အရောင်တောက်တောက်နှင့် ခမ်းနားလှပမှုအပြည့်နဲ့ ကြာရှည်ခံစေချင်တယ်ဆိုရင်တော့ အရည်အသွေးကောင်းမွန်တဲ့ လိုးရှင်းများ၊ Moisturizers များ လိမ်းကျံပေးရပါမယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ရပါမယ်။
ဒီအဆင့် (၄) ဆင့်ကို သိထားမယ်ဆိုရင်တော့ ကိုယ် တက်တူးထိုးပြီးတဲ့အခါ ဘယ်လိုပြုမူကျင့်ကြံနေထိုင်ရမလဲဆိုတာ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
Source: Toptrendsguide.com
