ဖိနပ်ဆိုတာ ဖဝါးနဲ့ မိတ်ဖက်ဖြစ်သလို သွားခဲ့တဲ့ ခရီးတွေရဲ့ သက်သေဆိုရင်လည်း မမှားပါဘူး။ ဒီနေ့မှာတော့ ကမ္ဘာကျော် နည်းပညာလုပ်ငန်းရှင် တစ်ချို့နဲ့ သူတို့စီးခဲ့တဲ့ ဖိနပ်တွေအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

(၁) Nike Flyknit Lunar 3 /Nike Roshe Two Flyknit

Source: Business Insider Singapore

Facebook ရဲ့ Founder မတ်ခ်ဇူကာဘတ်ခ်ဟာ အဝတ်အစားကို ပေါ့ပေါ့ပါးပါး ရိုးရိုးလေးပဲ ဝတ်စားတတ်သူလို့ နာမည်ကြီးပါတယ်။ သူအမြဲစီးဖြစ်တဲ့ Sneaker ဆိုရင်လည်း ဒေါ်လာ ၁၅၀ ( မြန်မာငွေ ၂ သိန်းကျော်) ဈေးရှိတဲ့ Nike တံဆိပ် ဖိနပ်ဖြစ်ပါတယ်။ Apple ရဲ့ CEO ဖြစ်တဲ့ တင်မ်ကွတ်ခ်ဟာ Nike ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူစီးတာကလည်း Rosche ဆိုတဲ့ နာမည်နဲ့ Nike ဖိနပ်ဖြစ်ပြီး ဈေးကတော့ ၁၀၅ ဒေါ်လာ ( မြန်မာငွေ ၁ သိန်းခွဲနီးပါး ) ဈေးရှိပါတယ်။

(၂) Lanvin Men

Source: DA MAN Magazine

ပြင်သစ်ထုတ် အဆင့်မြင့် brand တစ်ခုဖြစ်တဲ့ Lanvin ယောကျာ်းစီးဖိနပ်ကို ဆွန်ဒါပီချိုင်းတင် မဟုတ်ဘဲ Microsoft ရဲ့ CEO ဆတ္တရာ နာဒဲလ်လာလည်း နှစ်သက်တယ်လို့ ဆိုပါတယ်။ Google ရဲ့ CEO ဆွန်ဒါပီချိုင်းကတော့ Lanvin Men ကိုမှ All-Black ဗားရှင်း လယ်သာရှုးစ်မျိုးကို ပိုနှစ်သက်တယ်လို့သိရပါတယ်။ သူတို့စီးတဲ့ Lanvin Men တံဆိပ် Sneakers တွေကတော့ ၄၉၅ ဒေါ်လာ ( မြန်မာငွေ ၆ သိန်း ၇ သောင်းဝန်းကျင်) ဈေးရှိပါတယ်။ Alphabet ရဲ့ တည်ထောင်သူ အမှုဆောင်အရာရှိချုပ် လယ်ရီပေ့ခ်ျကလည်း Lanvin တံဆိပ် Sneaker များ စီးလေ့ရှိပြီး သူစီးတဲ့ ဖိနပ်ကတော့ ဒေါ်လာ ၃၀၀ ခန့် ( မြန်မာငွေ ၄သိန်းကျော်) တန်ပါတယ်။

(၃) Puma Blaze Of Glory

Source: Business Insider Nordic

Y Combinator ရဲ့ ဥက္ကဌ ဆမ်အဲလ်မင်ဆိုရင် လူငယ်ပဲ ရှိပါသေးတယ်။ သူရဲ့ ဝတ်စားဆင်ယင်ပုံကလည်း လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ အမြဲလန်းဆန်းတဲ့ ဒီဇိုင်းကို တွေ့ရမြဲပါ။ သူစီးတာကလည်း Puma တံဆိပ် Sneaker ဖြစ်ပြီး ၂၅၇ ဒေါ်လာ ကနေ ၃၂၅ ဒေါ်လာဈေးရှိတာဖြစ်လို့ အနည်းဆုံး မြန်မာငွေ ၃ သိန်းခွဲကနေ ၄ သိန်း ခွဲခန့်ဈေးရှိပါတယ်။

(၄) Converse Jack Purcell

Source: Business Insider India

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနေရာကို မကြာသေးခင်က ရောက်ရှိလာတဲ့ Amazon CEO ဂျက်ဖ်ဘီဇော့စ် စီးတဲ့ ဖိနပ် Jack Purcell တံဆိပ်တွေဟာ ၁၉၃၅ ခုနှစ်က ဂျက်ခ် ပါဆယ်က ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး ၁၉၇၀ ပြည့်လွန်နှစ်များမှာ Converse ကနေ ဝယ်သွားတာပါ။ ဘီဇော့စ်ရဲ့ ဖိနပ်ကတော့ ၆၅ ဒေါ်လာ ( မြန်မာငွေ ၈ သောင်းခွဲကျော် ) ဈေးပဲ ရှိတာ ဖြစ်လို့ ကမ္ဘာကျော်နည်းပညာပုဂ္ဂိုလ်ကျော်တွေထဲမှာတော့ ထူးခြားနေပါတယ်။

(၅) Common Projects Original Achilles

Source: IdleSociety

လူငယ်ပဲ ရှိသေးတဲ့ Snap ရဲ့ CEO အီဗန်စပိုက်ဂယ်ဟာ Common Projects ရဲ့ လယ်သာ Achilles ဖိနပ်ကို စွဲစွဲမြဲမြဲ စီးတတ်သူဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီဖိနပ်ကို အထက်တန်းကျောင်းသား ဘဝကတည်းက စီးခဲ့တယ်လို့ လည်း ဆိုပါတယ်။ Common Projects က ထုတ်တဲ့ ဖိနပ်တွေဟာ အတော်လေး ဈေးကြီးပါတယ်။ ပုံမှန်ဈေး ဒေါ်လာ ၄၀၀ ( မြန်မာငွေ ၅ သိန်းခွဲနီးနီး) ရှိပါတယ်။