နည်းပညာရဲ့ တိုးတက်မှုရေစီးကတော့ အသွင်သွင် ဆက်လက်စီးဆင်းနေဆဲပါပဲ။ တနေ့တခြား ပိုမိုတိုးတက်အဆင့်မြင့်လာနေတဲ့ နည်းပညာတွေနဲ့အတူ အလန်း Gadget အသစ်တွေလည်း အများကြီးပေါ်ထွက် လာနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အလန်းဆုံး အမိုက်ဆုံးလို့ ပြောရမယ့် Tech Gadgets အချို့ကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

(၁) MARS Pro

MARS Pro

Photo : Discover Cool Gadgets

ဒီပစ္စည်းလေးက စက်ရုပ်တစ်ကောင်လား ထင်မှတ်ရပေမယ့် တကယ်တော့ အမိုက်စား Bluetooth Speaker လေးတစ်လုံးပါ။ Sci-fi Movie တွေ စိတ်ဝင်စားတဲ့ ကွီးတို့အနေနဲ့ သေချာပေါက် အကြိုက်တွေ့မှာပါ။ MARS Pro Wireless Bluetooth Speaker မှာ Bass သံ ၊ Stereo အသံစနစ်တွေ ပါဝင်သလို LED မီးလုံးလေးတွေများစွာလည်း အလှဆင်ထားပါတယ်။ ၁၅ နာရီကျော်ကြာ သီချင်းဖွင့်နိုင်မှာဖြစ်ပြီး Bluetooth 5.0 ချိတ်ဆက်မှု ပါပါတယ်။

(၂) Levitating Plant Pot

Levitating Plant Pot

Photo : Discover Cool Gadgets

အိမ်တွင်း အလှဆင်ပစ္စည်းလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် ထူးထူးခြားခြား Tech Gadget လေးတစ်ခု ပြောပြချင်ပါတယ်။ ဒါကတော့ မှော်ပန်းအိုးလေးပါပဲ။ ရိုးရိုးပန်းအိုးလေးတွေနဲ့ မတူပဲ မှော်ပန်းအိုးလို့ ခေါ်ရတဲ့အကြောင်းကတော့ လေထဲပျံဝဲနေနိုင်လို့ပါ။ လျှပ်စစ်သံလိုက်စီးကြောင်းတွေရဲ့ တွန်းအားနဲ့ ပန်းအိုးလေးက လေထဲမြောက်နေတာပါ။ ဒါ့အပြင် လေထဲမှာ 360 Degree လှည့်ပတ်နိုင်စွမ်းလည်း ရှိပါတယ်။ ပန်းအိုးဒီဇိုင်းက ခေတ်ဆန်ပြီး ၃၀၀ ဂရမ်အလေးချိန်ရှိတဲ့ မည်သည့် ပန်းပင်လေးတွေမဆို စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။

(၃) GoCube

GoCube

Photo : Discover Cool Gadgets

၁၉၈၀ ခုနှစ်တွေမှာ Rubik’s Cube လို့ခေါ်တဲ့ အရောင် ၃ တန်းတစ်ထပ်တည်းဖြစ်အောင် ညှိပေးရတဲ့ ကုဗတုံးအရုပ်လေးဟာ ကမ္ဘာတစ်ဝှမ်းမှာ ပေါ်ပြူလာအဖြစ်ဆုံး ကစားစရာအရုပ်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း ဒီ Cube ကို ကစားနေသူတွေ ၊ ပြိုင်ပွဲတွေ ရှိနေဆဲပါပဲ။ အခုနောက်ပိုင်းမှာ မတူညီတာကတော့ နည်းပညာပံ့ပိုးမှုတွေ ပါလာတဲ့ Smart Cube တွေ ပေါ်လာတာပါ။ GoCube ကတော့ Bluetooth ကနေတဆင့် စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး ဒေတာတွေကို အချိန်နဲ့တပြေးညီ ပြသပေးနိုင်တဲ့ Smart Cube တစ်ခုဖြစ်ပါတယ်။ App နဲ့ ချိတ်ဆက်ကစားရမှာဖြစ်ပြီး Android ရော IOS မှာပါ ကစားနိုင်မှာပါ။

(၄) Ember Mug 2

Ember Mug 2

Photo : Discover Cool Gadgets

Ember Mug 2 ကော်ဖီချစ်သူ ၊ လက်ဖက်ရည်ချစ်သူတွေအတွက် ပြီးပြည့်စုံတဲ့ ခွက်လေးတစ်ခုပါပဲ။ သာမန်ခွက်တွေနဲ့ မတူတာက ခွက်ထဲကဖျော်ရည်ရဲ့အပူချိန်ကို အချိန်ကြာကြီး ထိန်းသိမ်းပေးထားနိုင်တာပါ။ ပိုပြီးမိုက်တာကတော့ ခွက်ကို ဖုန်းပေါ် App ထဲကနေတဆင့် ထိန်းချုပ်မှုတွေလုပ်နိုင်မှာဖြစ်သလို LED မီးရောင်တွေကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်မှာပါ။ အပူချိန်ကို 120°F ကနေ 145°F ကြား ထိန်းထားနိုင်မှာ ဖြစ်ပြီး Auto Sleep လုပ်ဆောင်ချက်လည်း ပါပါတယ်။ ဘက်ထရီသက်တမ်းကတော့ ၁ နာရီခွဲလောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၅) ORBA 2

ORBA 2

Photo : Discover Cool Gadgets

လက်တဆုပ်စာ စက်လေးတစ်ခုက ဂီတတူရိယာပေါင်း ရာနဲ့ချီ တီးခတ်နိုင်မယ်ဆိုရင် ယုံနိုင်ပါ့မလား။ ORBA 2 လို့ခေါ်တဲ့ Device လေးက အမှန်တကယ်ပဲ ဒီလိုရာနဲ့ချီတဲ့ တူရိယာတွေကို တစ်ချိန်တည်းမှာပဲ ပြောင်းလဲတီးခတ်နိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းပေါ်ကနေတဆင့် App နဲ့ချိတ်ဆက်ပြီး တူရိယာတွေကို တီးခတ်ရမှာပါ။ ORBA 2 မှာ Built-in Speaker ပါဝင်ပြီး အသံကွာလတီလည်း မဆိုးလှတဲ့ အထဲမှာပါပါတယ်။ Instruments ၁၂၅ မျိုးဝန်းကျင် တီးခတ်နိုင်ပြီး အသံတွေကိုလည်း Record လုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Discover Cool Gadgets