အလုပ်ထဲမှာ ခိုင်းထားတဲ့အလုပ်လေးတွေကို နေ့ရွှေ့ညရွှေ့ လုပ်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကြုံဖူးကြမှာပါ။ ကိုယ်ကိုယ်တိုင်လည်း အချိန်ရွှေ့ဆိုင်းတာမျိုး လုပ်ဖူးကြတာပါပဲ။ ဘာကြောင့် အချိန်ဆွဲတတ်သလဲဆိုတာကို ကြည့်မယ်ဆိုရင် များသောအားဖြင့် အကြောင်းရင်း ၄ ချက်ကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရတတ်ပါတယ်။

(၁) ဆုံးရှုံးမှာ ကြောက်ခြင်းကြောင့်

Photo: Freepik

အတော်များများ အချိန်ဆွဲတယ်ဆိုတာ မအောင်မြင်မှာ စိုးလို့ ဖြစ်ပါတယ်။ ကိစ္စတစ်ခု ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုက အချိန်ကို ဟိုရွှေ့ဒီရွှေ့လုပ်ထားမိစေနိုင်ပါတယ်။ အချိန်ဆွဲထားခြင်းအားဖြင့် ဆုံးရှုံးနိုင်ခြေကို ခုသာခံသာဖြစ်မယ်လို့လည်း ထင်မှတ်လို့ ဖြစ်ပါတယ်။

(၂) Perfect ဖြစ်ချင်လွန်းလို့

Photo: Freepik
နောက်တစ်ချက်က ဘာပဲလုပ်လုပ် ဇီဇာကြောင်လွန်းလို့ ပြီးသင့်တဲ့အချိန်မှာ မပြီးနိုင်ဘဲ အချိန်ဖင့်သွားတာပါ။ အကောင်းဆုံးဖြစ်ချင်တာကြောင့် ကိုယ့်အလုပ်/ပရောဂျက်ကို ပြုပြင်မွမ်းမံရင်းနဲ့ အချိန်ရွှေ့ဆိုင်းတဲ့အဆင့် ဖြစ်သွားတတ်ပါတယ်။

(၃) လုပ်နိုင်စွမ်း ကျဆင်းနေလို့

Photo: Freepik

အလုပ်ဝန်ပိလို့ ဖြစ်စေ/လုပ်ရည်ကိုင်ရည် အဆင့်မမီလို့ဖြစ်စေ Low Energy Level ရောက်နေသူဟာလည်း အချိန်ဆွဲတတ်ကြပါတယ်။ သိပ်ပင်ပန်းလွန်းနေရင်လည်း အချိန်ရွှေ့ဆိုင်းတတ်ပါတယ်။ ကြာလာရင် လုပ်ကိုင်နိုင်စွမ်းပါ ကျဆင်းလာတတ်ပါတယ်။

(၄) အာရုံစူးစိုက်မှု မရှိလို့

Photo: Freepik

စိတ်မပါတဲ့ ကိစ္စတစ်ခုလုပ်ဖို့အတွက် လူအတော်များများ အချိန်ဟိုရွှေ့ဒီရွှေ့လုပ်တတ်ကြပါတယ်။ စိတ်အားထက်သန်မှုကင်းမဲ့ပြီး ဦးတည်ချက်မရှိဖြစ်နေတဲ့ Team တစ်ခုကို ပရောဂျက်တစ်ခုအပ်တဲ့အခါ သတ်မှတ်အချိန်မှာ ပရောဂျက်မပြီးဘဲ နေ့ရွှေ့ညရွှေ့နဲ့ ဖြစ်တတ်တာ ဒီသဘောပါပဲ။