ပိန်လွန်းလို့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အားမရဖြစ်နေပါသလား။ ယောက်ျားလေးတိုင်းရဲ့ အိပ်မက်က ကြွက်သားထုထည်ကြီးမားပြီး တောင့်တင်းခိုင်မာတဲ့ ဘော်ဒီပုံစံမျိုးလိုချင်ကြတာပါ။ဒါကြောင့် ဒီနေ့မှာတော့ ပိန်လွန်းလို့ စိတ်ဓာတ်ကျနေတဲ့ ကွီးတို့အတွက် ခန္ဓာကိုယ်ဘော်ဒီကိုလုံးဝပြောင်းလဲပစ်နိုင်မယ့် ထိထိရောက်ရောက်နည်းလမ်းတချို့ကိုပြောပြပေးချင်ပါတယ်။

(၁) ကြွက်သားများအတွက်လောင်စာဆီဖြည့်ပေးပါ

Source : Shutterstock

စက်အင်ဂျင်တွေကိုလောင်စာဆီဖြည့်ပေးရသလို ကြွက်သားတွေအတွက်လည်း လောင်စာဆီဖြည့်တင်းဖို့လိုအပ်ပါတယ်။ ကြွက်သားတွေအတွက်လောင်စာကတော့အဓိကအားဖြင့် အစားစားခြင်းဖြစ်ပါတယ်။ တစ်နေ့တာအတွက် လုံလောက်တဲ့ ပရိုတင်းဓာတ် ကာဘိုဟိုက်ဒရိတ်ဓာတ်တွေကိုစားသုံးခြင်းဖြင့် ကြွက်သားအရင်းအမြစ်ကိုတိုးတက်စေမှာဖြစ်ပါတယ်။ကြက်သား အမဲသား ငါး ကြက်ဥ အစေ့အဆန် နို့ အခွံမာသီးစတဲ့အစားအစာတွေကိုစားသုံးပေးပါ။

(၂) အလွန်အကျွံအလေးမခြင်းကိုရှောင်ပါ

Source : Shutterstock

ကြွက်သားမြန်မြန်ထွက်ချင်စောနဲ့ အလေးမခြင်းကို အလွန်အကျွံလုပ်တာဟာ မှားယွင်းတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ ဝိတ်တက်ချင်ရင် အလေးမလေ့ကျင့်ခန်းတစ်ခုပြီးတိုင်း ခဏတာကြွက်သားတွေကိုအနားပေးရပါတယ်။ ပြီးမှသာနောက်ထပ်လေ့ကျင့်ခန်းတစ်ခုကိုဆက်လုပ်ရမှာပါ။ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြားအနားယူခြင်းမရှိပဲ အလွန်အကျွံပြုလုပ်နေမိရင် ကြွက်သားတက်ခြင်းကိုနှေးကွေးသွားစေမှာဖြစ်ပါတယ်။ တစ်နေ့ကို ကစားချိန် ၁ နာရီ တစ်ပတ်ကိုအနည်း ၄ ရက်လောက်ကစားမယ်ဆိုရင် လုံလောက်တယ်ပြောလို့ရပါတယ်။

(၃) သုံးနာရီခြားတစ်ခါစားသုံးပေးပါ

Source : Shutterstock

ခန္ဓာကိုယ်အတွက် လုံလောက်တဲ့အာဟာရဓာတ်များ ပြည့်ဝနေဖို့ကအင်မတန်အရေးကြီးပါတယ်။ ဘော်ဒီဝိတ်တက်ချင်သူတွေအနေနဲ့ သာမာန်လူတွေလို မနက်နေ့လည်ည သုံးနပ်စာစားရုံနဲ့ မလုံလောက်ပါဘူး။ မနက်စာစားပြီး ၃ နာရီခန့်အကြာမှာ အဟာရရှိတဲ့ သရေဆာမျိုးစားသုံးပေးသင့်ပါတယ်။ထို့နောက် ပရိုဓာတ် (အသားဓာတ်) ပါတဲ့နေ့လည်စာကိုစားသုံးပါ။ နေ့လည်စာစားပြီး ၃နာရီအကြာမှာလည်း နှစ်သက်တဲ့ သရေဆာ အစားအစာတစ်ခုခုစားပေးပါ။ပြီးရင်တော့ညစာစားပေးရပါမယ်။ ဘော်ဒီဝိတ်တက်ချင်ရင် ဒီလိုနည်းအတိုင်းစားပေးဖို့လိုပါမယ်။

(၄) ရည်မှန်းချက်တစ်ခုချမှတ်ပါ

Source : Shutterstock

ဘော်ဒီပြောင်းလဲတာနဲ့ ပတ်သတ်ပြီး တိကျတဲ့ရည်မှန်းချက်တစ်ခုကို ချမှတ်ထားဖို့ လိုပါတယ်။ ဥပမာ ၆ လအတွင်း ကြွက်သားပေါင် (၂၀) တက်ရမယ်ဆိုတဲ့ ရည်မှန်းချက်မျိုးချမှတ်ပြီး တစိုက်မတ်မတ်လုပ်ဆောင်ကြည့်ပါ။ ကြွက်သားတက်ဖို့က နေ့ချင်းညချင်းတော့မရနိုင်ပါဘူး။ စိတ်ကိုသေချာစွာပိုင်းဖြတ်ပြီး စိတ်ရှည်ရှည်လုပ်ဆောင်ဖို့လိုပါတယ်။ တစ်လချင်းကိုယ်ရဲ့ တိုးတက်မှုတွေကိုလည်း မှတ်တမ်းတင်ထားပါ။ဒီလိုနည်းနဲ့ ကိုယ့်ရဲ့ ဘော်ဒီပြောင်းလဲမှုခရီးစဉ်ကို အောင်မြင်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

(၅) အိပ်ချိန်ပြည့်ပြည့်ဝဝသတ်မှတ်ထားပါ

Source : Shutterstock

ဘော်ဒီတည်ဆောက်နေသူတစ်ယောက်အတွက်အိပ်စက်ချိန်ကလည်း အရမ်းကိုအရေးကြီးပါတယ်။ လုံလောက်တဲ့အိပ်စက်ချိန်ရှိမှသာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေတိုးတက်လာပြီး ကြွက်သားတည်ဆောက်ရာမှာအထောက်အပံ့ဖြစ်စေမှာပါ။ဒါကြောင့် တစ်နေ့ကို ပုံမှန် ၈ နာရီလောက်ပြည့်ပြည့်ဝဝအိပ်စက်အနားယူဖို့ အကြံပြုချင်ပါတယ်။ မလိုအပ်ပဲ အိပ်ရေးပျက်ခံတာမျိုးတွေ ရှောင်ကျဉ်ပါ။