ဘဝအတွေ့အကြုံရင့်ကျက်ပြီး အတွေ့အကြုံကနေ ပညာယူတတ်သူတို့က နောင်လာနောက်သားတွေဘဝ ကြီးပွားတက်မြင့်ရေးအတွက် မှတ်သားဖွယ်ရာတွေ ထားတတ်စမြဲပါ။ ဘဝတစ်ခု တိုးတက်ကြီးမြင့်ဖို့ဆိုရင် သင်ယူစရာ အသိပညာတွေအပြင် လိုက်နာစရာ ကျင့်ဝတ်တွေလည်း အများကြီး ရှိပါတယ်။ ဒီလို ကျင့်ဝတ်ဆိုင်ရာ သိကောင်းစရာတွေထဲကမှ အောင်မြင်တဲ့ဘဝနေနည်းအတွက် မသိမဖြစ် သိစရာကျင့်ဝတ်တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) မပြောခင် အရင်နားထောင်ပါ

Conversation

Photo: Unsplash

အောင်မြင်တဲ့ဘဝပိုင်ရှင်တွေဟာ စကားပြောကောင်းသူတွေလည်း ဖြစ်သလို သူတစ်ပါးရဲ့ ပြောကြားချက်တွေကိုလည်း သေချာနားထောင်ပေးတတ်သူတွေ ဖြစ်ပါတယ်။ စကားပြောကောင်းခြင်းဟာ အတတ်ပညာဆိုရင် တခြားသူတွေရဲ့ အမြင်နဲ့ ခံစားချက်ကို တကယ်နားလည်အောင် နားထောင်တတ်ခြင်းကလည်း အရည်အချင်းတစ်ရပ်ပဲလို့ ဆိုချင်ပါတယ်။ အောင်မြင်ချင်ရင် နားထောင်တတ်ဖို့ မဖြစ်မနေ လိုအပ်တာ အမှန်ပါပဲ။

(၂) မသုံးခင် အရင်ရအောင် ရှာပါ

Unsplash

Photo: Unsplash

ပိုက်ဆံသုံးတယ်ဆိုတာ လူတိုင်း လုပ်တတ်တဲ့ ကိစ္စပါ။ ငွေရှာတဲ့အလုပ်ကတော့ လူတိုင်း ကျင်လည်တဲ့ အလုပ်မဟုတ်ပါဘူး။ အခုခေတ်လို ငွေရှာရမလွယ်သလောက် အသုံးအဖြုန်းလွယ်လှတဲ့ ခေတ်ကြီးမှာ ငွေကို ဉာဏ်ပါပါ သုံးတတ်စွဲတတ် ထိန်းသိမ်းစီမံတတ်ဖို့ လိုပါတယ်။ ပိုက်ဆံမသုံးခင် ကိုယ်သုံးမယ့် ငွေထက် အဆပေါင်းများစွာ မပူမပင် ရှာနိုင်အောင် အရင်လုပ်ကြဖို့ အကြံပြုချင်ပါတယ်။

(၃) မရေးခင် အရင်စဉ်းစားပါ

Writing

Photo: Unsplash

စဉ်းစားဆင်ခြင်ဉာဏ်ရှေ့ထားပြီး အလုပ်လုပ်တာ အမှားနည်းစေပါတယ်။ စာပဲရေးရေး ၊ စကားပဲ ပြောပြော အလုပ်မလုပ်ခင် အရင် စဉ်းစားပြီးမှ လုပ်သင့်ပါတယ်။ ဒီလို ပြောလို့လည်း တစ်နေ့လုံး စဉ်းစားပြီးမှ ပြော/ရေး/လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်အသိဉာဏ် ၊ အတွေ့အကြုံနဲ့ လက်ရှိအခြေအနေတွေပေါ် ဆက်စပ်စဉ်းစားချိန်ဆပြီး ဆုံးဖြတ်လုပ်ကိုင်ဖို့ ပြောခြင်းသာ ဖြစ်ပါတယ်။

(၄) လက်မလျှော့ခင် အရင်ကြိုးစားပါ

Mountain Climbing

Photo: Unsplash

ဖြစ်နိုင်မှာ မဟုတ်ပါဘူးလို့ လက်မလျှော့လိုက်ခင် နောက်ဆုံးတစ်ကြိမ်ဖြစ်ဖြစ် ကြိုးစားကြည့်သင့်ပါတယ်။ ကြီးမြတ်တဲ့ အောင်မြင်မှုတွေဟာ အကြိမ်ကြိမ် ရှုံးနိမ့်လဲပြိုပြီးမှ မလျှော့တမ်းဇွဲကြောင့် အောင်မြင်မှုပန်းတိုင်ကို ရောက်ခဲ့ရတာ ဖြစ်ပါတယ်။ အက်ဒီဆင်တစ်ယောက် လျှပ်စစ်မီးမထုတ်ခင် စမ်းသပ်မှု အကြိမ်ပေါင်း ၁၀၀၀၀ မအောင်မြင်ခဲ့တာကို သတိရစေချင်ပါတယ်။

(၅) မသေခင် ရှင်သန်နေပါ

Green Plant In The Snow

Photo: Unsplash

အသက်မသေသေးသ‌ရွေ့တော့ ရှင်သန်နေကြတာပါပဲ။ သက်ဝင်ရှင်သန်မှုပါတဲ့ ရှင်သန်မှုမျိုး ဖြစ်ဖို့တော့ လိုပါတယ်။ အသက်ပါတဲ့ ရှင်သန်မှုဆိုတာ မျှော်လင့်ချက်တွေ ၊ ယုံကြည်ရင်ခုန်ခြင်းတွေနဲ့ အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်ကျော်ခြင်းမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘဝတိုတိုလေးအတွင်းမှာ အဆင်မပြေခြင်းတွေရော အဆင်ပြေခြင်းတွေရော အစုံအစုံ ကြုံဆုံရဦးမှာပါ။ ဒါတွေကို ရင်ဆိုင်ဖို့ စိတ်ရောလူပါ ပြင်ဆင်ထားပါ။ အကောင်းမြင်တဲ့စိတ်နဲ့ ဘဝကို ပျော်ရွှင်လေးနက်စွာ သက်ဝင်ရှင်သန်သွားမှ ထိုက်တန်တဲ့ဘဝ အောင်မြင်တဲ့ဘဝလို့ ဆိုနိုင်မှာ မဟုတ်လား။

Featured Photo: tecnicasreunidas