ပေါ့ပ်ဘုရင်တစ်ပါးလို့ တင်စားကြတဲ့ မိုက်ကယ်ဂျက်ဆင်ကတော့ ထူးခြားတဲ့ ကကွက်တွေ ၊ ဂီတသံစဉ်တွေဖန်တီးရတာ နှစ်သက်ရုံသာမက ကမ္ဘာမြေကြီးနဲ့ သက်ရှိသတ္တဝါတွေအတွက် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတွေကို အမြဲအလေးထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ လူသားချင်းစာနာစိတ်အပြည့်အဝရှိသူတစ်ယောက်ဖြစ်ပြီး ကမ္ဘာမြေကြီးနဲ့ လူမှုပတ်ဝန်းကျင်က အဖိနှိပ်ခံလူသားများစွာအတွက်လည်း ဆုလာဒ်တစ်ခုဖြစ်ကြောင်းကို သူရဲ့ သီချင်းတွေနဲ့ သက်သေပြခဲ့သူ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သီချင်းချစ်သူပရိသတ်တွေအတွက် မိုက်ကယ်ဂျက်ဆင်ရဲ့ လူသားချင်းစာနာမှုအကြောင်းစပ်ဆိုထားတဲ့ သီချင်းကောင်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) Heal the World (1992)

Source : Michael Jackson

“Heal the World” သီချင်းက မိုက်ကယ်ဂျက်ဆင်ရဲ့ အကျော်ကြားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သီချင်းများစွာထဲက တစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းလေးဟာ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dangerous အယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီသီချင်းကို MJ ကိုယ်တိုင်ရေးစပ်သီကုံးခဲ့တာဖြစ်ပြီး ကမ္ဘာကြီး ငြိမ်းချမ်းဖို့နဲ့ စစ်နှင့်အကြမ်းဖက်ဝါဒများ တိုက်ဖျက်ဖို့ ရည်ရွယ်စပ်ဆိုခဲ့တာပါ။

(၂) Earth Song (1995)

Source : Michael Jackson

ဒီသီချင်းကတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ HIStory အယ်လ်ဘမ်မှာပါဝင်တဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်မှာ တစ်နေ့တစ်ခြား အကြမ်းဖက်မှုတွေပိုများလာတဲ့အကြောင်း ၊ တစ်စထက်တစ်စ ယို့ယွင်းပျက်စီးလာနေတဲ့ သဘာဝပတ်ဝန်းကျင် အကြောင်းတွေကို လူသားတွေ အာရုံစိုက်မိစေဖို့ ရေးစပ်သီဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းလေးမှာ တောရိုင်းတိရိစ္ဆာန်တွေကို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ ၊ သဘာဝသစ်တောကြီးတွေရဲ့ ပျက်သုဉ်းမှု မြင်ကွင်းတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။

(၃) Man in the Mirror (1988)

Source : Michael Jackson

ဒီသီချင်းလေးကတော့ ၁၉၈၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ Bad အယ်လ်ဘမ်မှ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းလေးဟာ စိုးရွံ့မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း အကောင်းဆုံးရေးသားဖွဲ့ဆိုထားတာဖြစ်ပြီး ပိုကောင်းတဲ့အပြောင်းအလဲတစ်ခုခုရနိုင်ဖို့အတွက် လူတစ်ယောက်ရဲ့ အတွင်းစိတ်ရဲ့ အရေးပါမှုတွေကို အလေးပေးဖော်ညွှန်းထားတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၄) We are the world (1985)

Source : Michael Jackson

We are the world သီချင်းလေးကတော့ ပရိသတ်တွေအားလုံးနဲ့လည်း ရင်းနှီးပြီးသားဖြစ်တဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းလေးမှာ Diana Ross၊ Cyndi Lauper နဲ့ တခြား နာမည်ကြီးအဆိုတော်တွေ အများကြီးပါဝင်သီဆိုထားကြပါတယ်။ အာဖရိက အငတ်ဘေးဒုက္ခသည်တွေအတွက် ရည်ရွယ်သီဆိုထားတဲ့ charity သီချင်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၅) What More Can I Give (2003)

Source : Michael Jackson

ဒီသီချင်းလေးကတော့ စပိန်ဘာသာစကားနဲ့ သီဆိုထားတဲ့ “Todo Para Ti” သီချင်းကို ဗားရှင်းပြောင်းပြီး ပြန်လည်သီဆိုထားတဲ့ charity သီချင်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ 9/11 အကြမ်းဖက်တိုက်ခိုက်မှုမှာ သားကောင်ဖြစ်ခဲ့ရသူတွေအတွက် ရည်ညွန်းရေးဆိုခဲ့တာပါ။ ဒီသီချင်းလေးမှာလည်း Britney Spears ၊ Jennifer Lopez ၊ Mariah Carey ၊ Celine Deon နဲ့ တခြား အဆိုတော်အဖွဲ့တွေများစွာ ပါဝင်သီဆိုထားတာ ဖြစ်ပါတယ်။

Featured Photo : NME