ရောဘတ်ပတ်တင်ဆန် သရုပ်ဆောင်ထားတဲ့ The Batman ရုပ်ရှင် ကားဟာ တတိယအပတ်အရောက်မှာ ရုံတင်ဝင်ငွေ ဒေါ်လာသန်း ၃၀၀ ကျော်လာပြီလို့ ဆိုပါတယ်။

Warner Bros ရဲ့ The Batman ရုပ်ရှင်ကို မတ်လ ၄ ရက်နေ့က စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ မတ်ရိဗ်စ်က ရိုက်ကူးတင်ဆက်ထားတာပါ။ စူပါဟီးရီး ရုပ်ရှင်ကားတွေထဲမှာ အောင်မြင်တဲ့ The Batman အတွက် ဒီနှစ်မင်းသားကိုတော့ မင်းသားချော ရောဘတ်ပတ်တင်ဆန်နဲ့ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

The Batman

Photo: cineverse

The Batman ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြောက်အမေရိက Box Office မှာ ရုံဝင်ကြေး ဒေါ်လာသန်း ၃၀၀ ရခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို ဝင်ငွေဒေါ်လာသန်း ၆၀၀ ကျော်ပြီလို့ ဆိုပါတယ်။

တတိယအပတ် မြောက်အမေရိက Box Office မှာ ဒေါ်လာ ၃၆.၈ သန်း ဝင်ခဲ့ပြီး နိုင်ငံတကာမှာ ဒေါ်လာ ၄၉.၁ သန်း ရခဲ့တာပါ။ တတိယပတ် ရုံဝင်ကြေးအရဆိုရင် The Batman ရုပ်ရှင်ဟာ The Dark Knight (ဒေါ်လာ ၄၂.၆ သန်း) နဲ့ Wonder Woman (ဒေါ်လာ ၄၁.၂ သန်း) ပြီးရင် တတိယဝင်ငွေအများဆုံး ရုပ်ရှင်လည်း ဖြစ်ပါတယ်။

တရုတ်မှာတော့ The Batman ရဲ့ ပထမပတ်ရုံဝင်ကြေး ဒေါ်လာ ၁၂.၁ သန်းပဲ ရှိခဲ့ပြီး ဒါကလည်း ကပ်ရောဂါဘေး တကျော့ပြန်လာမှုကြောင့် တရုတ်မှာရှိတဲ့ ရုပ်ရှင်ရုံတွေရဲ့ ၄၃% လောက် ပိတ်ထားတာကြောင့် ဝင်ငွေကျဆင်းနေတာ ဖြစ်ပါတယ်။ The Batman ပြီးရင် လက်ရှိ ဝင်ငွေအကောင်းဆုံး ဖြစ်နေတဲ့ ရုပ်ရှင်က ရောင်းအားအကောင်းဆုံး ဂျပန်မန်ဂါရုပ်ပြစာအုပ်ကို အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့ Jujutsu Kaisen O ဖြစ်ပြီး ပထမရုံတင်တဲ့ အပတ်မှာ ဒေါ်လာ ၁၇.၇ သန်းခန့် ဝင်နေတယ်လို့ ဆိုပါတယ်။

Jujutsu-Kaisen-0-min

Photo: theanimedaily

The Batman ရုပ်ရှင်ဟာ ဒေါ်လာသန်း ၂၀၀ ခန့် အကုန်အကျခံ ရိုက်ကူးထားတဲ့ ရုပ်ရှင် ဖြစ်ပြီး ဒီထဲမှာ မားကတ်တင်းစရိတ်တွေ ထည့်တွက်ထားခြင်း မရှိပါဘူး။ ဘယ်လိုပဲ တွက်တွက် စံချိန်တင် ဝင်ငွေရဖို့ မသေချာပေမယ့် ဒီရုပ်ရှင်ဟာ Warner Bros အတွက် ငွေကြေးအရ အရင်းကျေပြီး အမြတ်ထွက်ခဲ့ပြီ ဖြစ်ပါတယ်။

Featured Photo: IGN SEA