ကွီးပရိသတ်တွေမှာ ကြံရည်ကြိုက်တဲ့သူတွေရှိလား။ ကြံရည်ဟာ နွေရာသီအတွက် အလိုက်ဖက်ဆုံးသော သဘာဝဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ အခုလို ပူပြင်းလှတဲ့နွေရာသီမှာ ရင်ကိုအေးမြလန်းဆန်းသွားစေမယ့် ကြံရည်အေးအေးလေးတစ်ခွက်နဲ့ အပူဒဏ်ကိုကောင်းကောင်းကြီးအံတုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကြံရည်ချိုချို အေးအေးလေးတစ်ခွက်က အပူဒဏ်ကိုကောင်းစွာပြေလျော့စေတဲ့အပြင် ထူးခြားတဲ့ အကျိုးအာနိသင်တွေများစွာပါနေတယ်ဆိုတာရော သိပြီးပြီလား။ မသိသေးရင်တော့ ကြံရည်တစ်ခွက်က ရရှိနိုင်မယ့် အံ့မခန်းအစွမ်းသတ္တိတွေကို လေ့လာကြည့်လိုက်ပါဦးနော်။

(၁) စိတ်ဖီးစီးမှုလျော့စေတယ်

Source : SlikhaarShop

လက်ရှိ ၃၈° ၃၉° ဒီဂရီစင်တီဂရိတ် ရှိတဲ့အပူချိန်ကြောင့် နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအတွက်တော့ စိတ်ဖိစီးမှု ပင်ပန်းနွမ်းနယ်မှုတွေ ပိုဖြစ်စေပါတယ်။ ကြံရည်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သံဓာတ်၊ သတ္တုဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ် စတဲ့ဓာတ်များစွာပါဝင်တာကြောင့် ကြံရည်အေးအေးလေးတစ်ခွက်သောက်ရုံဖြင့် စိတ်ဖိစီးမှုကို အမြန်ဆုံးလျော့ကျစေနိုင်ပြီး စိတ်ကြည်လင်လန်းစေမှာဖြစ်ပါတယ်။

(၂) အရိုးအဆစ်များသန်မာစေတယ်

Source : Leo Passion

ကြံရည်မှာ အဓိကအားဖြင့် ကယ်လ်ဆီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခန္ဓာကိုယ်က အရိုးအဆစ်များကို သန်မာလာစေမှာဖြစ်ပါတယ်။ကလေးငယ်လေးတွေကိုလည်း တိုက်သင့်သလို အရိုးပွခြင်း၊ အရိုးအက်ခြင်းများ အများဆုံးဖြစ်နိုင်တဲ့ သက်ကြီးပိုင်း လူကြီးတွေကိုလည်း ကြံရည်တစ်ခွက် ပုံမှန်တိုက်သင့်ပါတယ်။

(၃) အသားအရေကြည်လင်လှပစေတယ်

Source : The Georgetowner

အသားအရေလှပချင်သူတွေအနေနဲ့လည်း ကြံရည်တစ်ခွက် နေ့စဉ်သောက်သုံးခြင်းဖြင့် မိမိလိုချင်တဲ့အသားအရေကြည်လင်လှပမှုတွေကိုရရှိစေနိုင်မှာပါဖြစ်ပါတယ်။ ကြံရည်ဟာ အသားအရေပျက်စီးတာတွေ အသားအရောင်မညီမညာ ဖြစ်တာတွေအတွက် အကောင်းဆုံးကုသပေးနိုင်တဲ့ သဘာဝဖျော်ရည်တစ်မျိုးပါ။

(၄) အားအင်ပြည့်ဝလန်းဆန်းစေတယ်

Source : istockphoto.com

ကြံရည်ဟာ သကြားချက်လုပ်ရာမှာ အသုံးပြုတဲ့ အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ဓာတုပစ္စည်းလုံးဝမပါဝင်သေးတဲ့ သဘာဝဖျော်ရည်တစ်မျိုးဖြစ်တာကြောင့် အန္တရာယ်ကင်းပြီး ခန္ဓာကိုယ်အတွက် ပြည့်ဝတဲ့ အဟာရဓာတ် ဗီတာမင်ဓာတ်များအလုံအလောက် ပေးစွမ်းနိုင်ပါတယ်။ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးတာကြောင့် အားအင်ပြည့်ဝကာ တက်ကြွလန်းဆန်းစေမှာ ဖြစ်ပါတယ်။