ဘာ့ကြောင့် လူအများက ခရီး မကြာခဏ ထွက်လေ့ရှိပြီး ခရီးသွားရခြင်းကို နှစ်သက်ကြတာလဲ။ ဘာ့ကြောင့် မကြာခဏ ခရီးသွားသင့်တာလဲ။
ခရီးသွားခြင်းရဲ့အကျိုးကျေးဇူးများက မရေမတွက်နိုင်အောင် များပြားပါတယ်။ ခရီးသွားခြင်းကြောင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ပြောင်းလဲစေပြီး စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်ပါတယ်။ အချိန်မရှိလို့ ခရီးမသွားနိုင်တာ။ ပိုက်ဆံ မရှိလို့ ခရီးမသွားနိုင်တာ စတာတွေကတော့ ဆင်ခြေတွေပဲဖြစ်ပါတယ်။ သင် အမှန်တကယ် ခရီးသွားချင်တယ်ဆိုရင် ပိုက်ဆံအနည်းငယ်ဖြင့်လည်း ခရီးသွားနိုင်သလို မအားတဲ့ကြားက အလုပ်တွေကို လက်စသတ်ထားပြီး ခရီးသွားနိုင်ပါသေးတယ်။
ဒီဆောင်းပါးလေးထဲမှာတော့ ခရီးသွားရတာ နှစ်သက်တဲ့သူတွေအတွက် ခရီးသွားခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကို ဝေမျှပေးမှာပဲဖြစ်ပါတယ်။
ကျန်းမာရေး ကောင်းမွန်စေခြင်း

စိတ်ဖိစီးမှုကို ပြေလျော့ပေးပြီး နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးသည်အထိ အစွမ်းထက်တာကတော့ ခရီးသွားခြင်းပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ကျောင်းစာတွေနဲ့ လုံးပန်းရလို့ပဲဖြစ်ဖြစ်၊ အလုပ်ကြောင့် စိတ်ဖိစီးတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးတဲ့အခါ ခရီးသွားခြင်းဖြင့် စိတ်လက်အပန်းဖြေနိုင်ပါတယ်။
ဗဟုသုတ တိုးစေခြင်း

ကိုယ့်နိုင်ငံအတွင်း ခရီးသွားတဲ့အခါ ဒေသန္တရ ဗဟုသုတ တိုးပွားစေပြီး မိတ်ဆွေသစ်များလည်း ရရှိနိုင်ပါတယ်။ နိုင်ငံရပ်ခြားကို ခရီးသွားတဲ့အခါမှာလည်း ထိုနိုင်ငံရဲ့လူမှုယဉ်ကျေးမှုကို လေ့လာသင်ယူနိုင်ပြီး တောတောာင်ရေမြေ သဘာဝအလှအပကို ရှုစားနိုင်ပါတယ်။
ဒေသအစားအစာများ မြည်းစမ်းခွင့်ရခြင်း

Photo: Eatthis.com
ဈေးသက်သာပြီး အရသာရှိတဲ့ ဒေသအစားအစာများကို ခရီးသွားခြင်းဖြင့် မြည်းစမ်းကြည့်နိုင်ပါတယ်။ သင် နေတဲ့အရပ်ဒေသမှာလည်း ထိုအစားအစာတွေကို မစားသုံးနိုင်တာမဟုတ်ပါဘူး။ စားသုံးနိုင်ပါတယ်။ ဒါပေမဲ့ တကယ့် စစ်မှန်ပြီး အရသာရှိတဲ့ ဒေသအစားအစာတွေကိုတော့ ထိုဒေသမှာပဲ ရရှိနိုင်တာဖြစ်ပါတယ်။
အမှတ်တရကောင်းများ ဖန်တီးနိုင်ခြင်း

ကိုယ်ချစ်တဲ့သူနဲ့ ခရီးသွားတဲ့အခိုက်အတန့်လေးက သင့်အတွက် တန်ဖိုးအရှိဆုံးအခိုက်အတန့်လေးပဲဖြစ်ပါတယ်။ ထိုသူများနဲ့ အမှတ်တရကောင်းများ ဖန်တီးနိုင်ပြီး သင့်ဘဝအတွက် တစ်သက်လုံး အမှတ်ရနေမှာပဲဖြစ်ပါတယ်။
ယဉ်ကျေးမှုအသစ်အဆန်းများကို လေ့လာနိုင်ခြင်း

Photo: Ttgasia.com
လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခရီးသွားရခြင်း ရည်ရွယ်ချက်က မတူညီကြပါဘူး။ ဒါပေမဲ့ ဘယ်လောက်ပဲ ရည်ရွယ်ချက်တွေ ကွဲပြားနေပါစေ ခရီးသွားခြင်းက အခြားသောလူမျိုးရဲ့ယဉ်ကျေးမှုကို ပိုမိုနားလည်လာနိုင်ပြီး ကိုယ်ချင်းစာတရားလည်း တိုးပွားလာပါလိမ့်မယ်။
သင်ရော ခရီးသွားရတာကို ဝါသနာပါ ပါသလား။ တစ်နှစ်ကို ဘယ်နှကြိမ်လောက် ခရီးထွက်ဖြစ်ပါသလဲ။
Photo: Freepik.com
Source: Claimcompass.eu
