နှစ်တစ်နှစ်ကို ဖြတ်ကျော်ပြီးတဲ့အခါ ဘဝဟောင်းတစ်ခု ပြီးသွားခဲ့ပြီလို့ ခံစားလိုက်ရတယ်မလား။ လွန်ခဲ့တဲ့နှစ်မှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အဖြစ်အပျက်တွေထဲက ကောင်းကွက်လေးတွေ ပြန်ဆွဲထုတ်ကြည့်တဲ့အကျင့်လေးတွေ လုပ်တတ်ဖို့ လိုပါတယ်။ ဒီတစ်ခါ ကျွန်တော်တို့ ဆွဲထုတ်ကြည့်မှာကတော့ Music ပိုင်းပါပဲ။ ၂၀၂၁ မှာ ဘယ် အယ်လ်ဘမ်တွေက အကောင်းဆုံးလဲဆိုတာကို Esquire ရဲ့ ရွေးချယ်ချက်အတိုင်း ဖော်ပြလိုက်ပါရစေ။

(၁) The Future

နေသန်နီယယ် ရတ်တဲလစ်ဖ် နဲ့ The Night Sweats တို့ရဲ့ The Future ခွေမှာ The Future ၊ Survivor ၊ Face Down In The Moment ၊ Something Ain’t Right ၊ Baby I Got Your Number စတဲ့ သီချင်း ၁၁ ပုဒ် ပါဝင်ပါတယ်။နိုဝင်ဘာ ၅ ရက်နေ့က ထွက်ထားတာ ဖြစ်ပြီး R&B (Rhythms & Blues) တွေနဲ့ နာမည်ကျော်တဲ့ ရတ်တဲလ်စ်ဖ်ကို ခံစားဖို့ အောက်မှာ Survivor ဆိုတဲ့ သီချင်းကို ဖော်ပြလိုက်ပါတယ်။

(၂) Valentine

Snail Mail ဟာ အမေရိကန်အင်ဒီးရော့ခ်တွေ ဆိုတဲ့ ၁၉၉၉ ဖွား အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ လင်ဆေးဂျော်ဒန်ရဲ့ တီးဝိုင်းပါ။ Snail Mail အဖွဲ့ဟာ ၂၀၁၅ မှာ အနုပညာလောကထဲ ဝင်ရောက်ခဲ့ပြီး ၂၀၁၆ မှာ Habit ဆိုတဲ့ သီချင်းခွေလေး ထွက်ခဲ့ပါတယ်။ ၂၀၁၈ ထွက် Snail Mail ရဲ့ Lush စတူဒီယိုအယ်လ်ဘမ်ဟာ ၂၀၁၉ မှာ Libera Awards ပွဲရဲ့အကောင်းဆုံး ရော့ခ်အယ်လ်ဘမ် နဲ့ အတော်ဆုံး အနုပညာရှင်ဆန်ကာတင်စာရင်း ဝင်ခဲ့ပါတယ်။ စုစုပေါင်း သီချင်း ၁၀ ပုဒ်ပါဝင်တဲ့ Valentine ခွေမှာ ပိုပြီး ဖွံ့ဖြိုးလာတဲ့ အနုပညာနဲ့ နယ်ပယ်သစ်ဆန့်ထွင်မှုကို ဖော်ပြလာပါတယ်။

(၃) New Long Leg

New Long Leg က အင်္ဂလိပ် ပို့စ်ပန့်ခ်တီးဝိုင်းတစ်ခုဖြစ်တဲ့ Dry Cleaning ရဲ့ အခွေဖြစ်ပြီး ဧပြီလက ထွက်ထားတာပါ။ ကိုဗစ်ကပ်ဘေး မတိုင်ခင်က နယ်လှည့်ဖျော်ဖြေနေတဲ့ Dry Cleaning အဖွဲ့ဟာ ကပ်ဘေးအတွင်းမှာ ဖျော်ဖြေရေးခရီးစဉ်တွေ ရပ်ထားပြီး လန်ဒန်မှာ ပြန်ရောက်တုန်း အယ်လ်ဘမ်အတွက် သီချင်းတွေ ရေးထုတ်ခဲ့တာပါ။ New Long Leg ဟာ ယူကေနဲ့ အမေရိကန်စာနယ်ဇင်းတွေမှာ ချီးကျူးခံရတဲ့ အခွေဖြစ်လို့ နားထောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) Glow On

အမေရိကန်ရဲ့ အကြမ်းစား Hardcore Punk အဖွဲ့ဖြစ်တဲ့ Turnstile က ၂၀၂၁ ဩဂုတ်လထဲမှာ Glow On ဆိုပြီး အယ်လ်ဘမ်တစ်ချပ် ထုတ်ပါတယ်။ Turnstile အဖွဲ့ရဲ့တတိယမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်ပြီး တကယ်က ၂၀၂၀ နွေရာသီကတည်းက အသံသွင်းခဲ့တာပါ။ အဖွဲ့ပင်တိုင်အဆိုတော် ဘရန်ဒန် ယိစ်ရဲ့ Holidays သီချင်းနဲ့ Turnstile Love connection တို့ဟာ ဝေဖန်ရေးဆရာတွေ ချီးကျူးခံခဲ့ရတဲ့သီချင်းတွေဖြစ်ပြီး တစ်ခွေလုံးအနေနဲ့လည်း အကြိုက်တွေ့ခဲ့ကြပါတယ်။

(၅) 30

ကမ္ဘာကျော်အဆိုတော် အဒဲလ်ရဲ့ စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်တဲ့ 30 မှာ သူမရဲ့ကွဲပျက်သွားတဲ့ အိမ်ထောင်ရေး ၊ မိခင်ဘဝနဲ့ ကျော်ကြားမှုပေါ်ဆန်းစစ်ခြင်း ၊ မျှော်လင့်ခြင်းနဲ့ နှလုံးနာမှုအကြောင်းတွေကို နားဆင်ရမှာပါ။ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထွက်ခဲ့တဲ့ ဒီအခွေဟာ Billboard 200 အယ်လ်ဘမ်စာရင်းမှာ ၅ ပတ်ဆက်ဆိုက် နံပါတ်တစ် အရောင်းရဆုံး အယ်လ်ဘမ်အဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။

Featured Photo: metacritic