အနက်ရောင်ချစ်သူတို့ အားလုံးပဲ မင်္ဂလာပါ။ ရာသီဥတုက နွေကုန်လို့ မိုးဥတုဆီသို့ တဖြည်းဖြည်းချဉ်းနင်းဝင်ရောက်လာတာကြောင့် အပူအအိုက် သက်သာသွားပြီလို့ ဆိုရမှာပါပဲ။ နွေရာသီတုန်းက ပူအိုက်လွန်းလို့ မဝတ်ဘဲသိမ်းထားရတဲ့ အနက်ရောင် အဝတ်အစားတွေကို ထုတ်ဝတ်ပြီး ရှိုးထုတ်ရမယ့်အချိန် ကျရောက်လာပါပြီ။

အနက်ရောင်ဖက်ရှင်က ဝတ်ထားသူကို စတိုင်လ်ကျစေတဲ့အပြင် ဝတဲ့သူတွေကိုလည်း ပိန်သယောင် ဖန်တီးပေးတဲ့ မှော်ဆန်တဲ့အရောင်လေးပဲဖြစ်ပါတယ်။ မှော်ဆန်တဲ့အနက်ရောင်ကို ဖက်ရှင်ကျအောင် ဘယ်လိုအဝတ်အစားတွေနဲ့ တွဲဝတ်သင့်လဲ ဘယ်လိုစတိုင်လ်ထုတ်သင့်လဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

တစ်ကိုယ်လုံး အနက်ရောင်ဝတ်ဆင်ပါ

စိုစိုစွတ်စွတ်လေးနဲ့ အေးမြတဲ့နေ့မှာ အနက်ရောင်ဝမ်းဆက်ကို စိတ်လွှတ်လက်လွှတ်သာ ဝတ်ဆင်လိုက်ပါ။ ဘယ်အရောင်နဲ့ တွဲဝတ်ရမလဲလို့ ဦးနှောက်ခြောက်မနေချင်ဘူးဆိုရင် အပေါ်အမဲ အောက်အမဲဝတ်ဆင်လိုက်ပါ။ မိုးရွာနေတဲ့ရက်မှာ မိုးကာအနက်ရောင်နဲ့ ရှိုးထုတ်ရင်လည်း စတိုင်လ်က မိမိုက်နေမှာပါ။ အနက်ရောင်ဆိုတော့ အပေအတေခံတာကြောင့် ဖားဥတက်မှာလည်း မစိုးရိမ်ရတော့ဘူးပေါ့။

ဆန့်ကျင်ဘက် အရောင်လေးတွေနဲ့ တွဲဝတ်ပါ

အနက်ရောင်ရဲ့ ဆန့်ကျင်ဘက် အရောင်ကတော့ အဖြူရောင်ပေါ့နော်။ အဖြူရောင်၊ နို့နှစ်ရောင်၊ ခရင်မ်အရောင်တို့ကို အနက်ရောင်နဲ့ တွဲဖက်ဝတ်ဆင်ပေးလိုက်မယ်ဆိုရင် ရိုးရိုးရှင်းရှင်းလေးနဲ့ ခန့်ညားတဲ့အသွင်အပြင်ကို ပိုင်ဆိုင်နိုင်မှာပါ။

ပေါ့ပေါ့ပါးပါးစတိုင်လ်လေး ဝတ်ဆင်ချင်တယ်ဆိုရင်

ပေါ့ပေါ့ပါးပါးလေး ဝတ်ဆင်ချင်တယ်ဆိုရင် တီရှပ်အမဲတစ်ထည်၊ ဂျင်းဘောင်းဘီတစ်ထည်နဲ့တင် အလုပ်ဖြစ်ပါတယ်။ ဘောင်းဘီတိုကတော့ လူငယ်ဆန်တဲ့အသွင်ကို ရရှိမှာဖြစ်ပြီး ချီနိုဘောင်းဘီ၊ စတိုင်လ်ဘောင်းဘီနဲ့ဆိုရင်တော့ စမတ်ကျတဲ့အသွင်ကို ပိုင်ဆိုင်နိုင်မှာပါ။

မိမိရဲ့ ကိုယ်တိုင်းနဲ့ ကွက်တိကျအောင် ချုပ်ထားပါ

ရယ်ဒီမိတ်အဝတ်အစားတွေ ဝယ်ဝတ်တာထက် အပ်ချုပ်ဆိုင်မှာ ချုပ်ဝတ်တာက သင့်ကို ပိုပြီးဆွဲဆောင်မှု တိုးစေတယ်ဆိုတာ သင် သိပါသလား။ ကိုယ့် ကိုယ်တိုင်းနဲ့ ချုပ်ထားမယ်ဆိုရင် ခန္ဓာကိုယ်နဲ့ Fit ဖြစ်နေတဲ့အတွက်ကြောင့် အင်္ကျီက ပွလွန်းလို့ ပုံမကျဖြစ်နေတာမျိုး၊ ကြပ်ထုပ်နေတာမျိုး မဖြစ်တော့ဘူးပေါ့။ တစ်ခုရှိတာက ကိုယ် ချုပ်မယ့် အပ်ချုပ်ဆိုင်က တစ်နှစ်နေမှ တစ်ထည်လောက် ချုပ်ပေးတာမျိုးဆိုတာတော့ မဖြစ်သင့်ဘူးပေါ့နော်။

ရော့ခ်စတိုင်လေး ဝတ်ဆင်ပါ

တီရှပ်အင်္ကျီအပွတွေ ဘောင်းဘီအပွတွေ ဝတ်ဆင်ခြင်း၊ ဂျက်ကတ်အင်္ကျီ ဝတ်ဆင်ခြင်း၊ စာသားပါတဲ့ အင်္ကျီလေးတွေ ဝတ်ဆင်ခြင်း စတဲ့စတိုင်လ်တွေကလည်း ရော့ခ်စတားတစ်ယောက်အသွင် ဖန်တီးပေးမှာပဲဖြစ်ပါတယ်။

Source: fashionbeans.com