အဝတ်အစားမှာ အရောင်အတွဲအစပ်ကလည်း သင့်ရဲ့ဖက်ရှင်ကို အများကြီး စကားပြောပါတယ်။ အဝတ်အစားကောင်းကောင်း ဝတ်ထားရင်တောင် အရောင်ရွေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်။ ယောင်္ကျားလေးအများစုဟာ အဖြူအမည်းကာလာ နဲ့ ခပ်ဖျော့ဖျော့ ရိုးစင်းစင်း ကာလာတွေ အဝတ်များပါတယ်။
အပေါ်မှာ ကာလာဖျော့ ၊ အောက်ဘက် အရောင်ရင့်နဲ့ အရောင်ဖျော့ Shoes စီးသင့်ပါတယ်။ တကယ်လို့ အပေါ်မှာ ကာလာရင့်ရင့်ဆိုရင် အောက်ခြေမှာ Light color နဲ့ Dark Shoes တွဲဝတ်သင့်ပါတယ်။ ဒါကတော့ Contrast Theory အတိုင်း ဖြစ်ပါတယ်။ ဒီကာလာတွေအပြင် တောက်ပသစ်လွင်တဲ့ ကာလာသစ်တွေ စပ်ပြီး ဝတ်ချင်ရင်လည်း နည်းလမ်းတစ်ချို့ရှိပါတယ်။
(၁) အစိမ်းနဲ့ လိုက်ဖက်တဲ့ အရောင်
Photo: thetrendspotter
အစိမ်းနဲ့ အဝါတွဲဖက်ခြင်းဟာ သင့်ကို လန်းဆန်းသန့်ရှင်းတဲ့ အသွင်အပြင် ပေးပါတယ်။ ဝတ်ထားတဲ့ အင်္ကျီအရောင်က အသားအရေကိုပါ အရောင်ဟပ်ပြီး စိုပြေကြည်လင်လာစေပါတယ်။ အဝါဖျော့ရောင် ၊ ကာကီရောင်နဲ့ စိမ်းရင့်ရောင်တွေ တွဲဝတ်တာက Warm Tone လို့ ခေါ်တဲ့ အသားအရေဝါသူ ညိုသူတွေအတွက် အဆင်ပြေပါတယ်။
Cool Tone လို့ခေါ်တဲ့ အသားအရေ ပန်းရောင် ၊ နီပြီး ပြာတဲ့သူတွေမှာ အဝါတောက် နဲ့ အစိမ်းဖန့်ဖန့်ကာလာ တွဲဝတ်သင့်ပါတယ်။ ကာလာရွေးရာမှာ ရိုးရှင်းတဲ့ ဗြောင်သားဝတ်စုံတွေအတွက် Solid Color က ပိုကောင်းပါတယ်။ အစိမ်းရောင်ဟာ အဖြူနဲ့ တွဲဝတ်နိုင်သလို နက်ပြာနဲ့ အညိုကာလာတွေနဲ့လည်း တွဲဖက်လို့ ရပါတယ်။
(၂) ပန်းနုရောင်နဲ့ လိုက်ဖက်တဲ့ အရောင်
Photo: thetrendspotter
အပြာဖျော့နဲ့ ပန်းနုကာလာဟာ မျက်လုံးအေးတဲ့ အရောင်ထဲမှာ ပါပါတယ်။ ဒီကာလာဟာ အဖြူရောင် Sneaker နဲ့ တွဲဝတ်လို့ကောင်းတဲ့ အတွဲအစပ် ဖြစ်ပါတယ်။ ပန်းနုရောင်ဟာ အမျိုးသားအများစု ရှောင်တဲ့ အရောင်ထဲမှာ ပါပေမယ့် ပန်းနုရောင် ရှပ်လက်ရှည်ဖျော့နဲ့ ဆွယ်တာတွေက ယောင်္ကျားတစ်ယောက်ကို ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ ပန်းနုရောင်နဲ့ဆိုရင် မီးခိုးရောင် ၊ အပြာနု ၊ အဖြူ ၊ အညိုဖျော့ရောင်တွေနဲ့ တွဲဝတ်နိုင်ပါတယ်။
(၃) အနီရောင်နဲ့ လိုက်ဖက်တဲ့ အရောင်
Photo: thetrendspotter
အနီရောင်က ရဲရင့်တောက်ပတဲ့ အရောင်ပါ။ အနီရောင်ဝတ်မယ်ဆိုရင် ဒီအရောင်ကို ပြန်ထိန်းဖို့ အဖြူ ဒါမှမဟုတ် အနက် နဲ့ နက်ပြာနုရောင်တွေနဲ့ တွဲဝတ်သင့်ပါတယ်။ နောက််ထပ် အနီရောင်နဲ့ လိုက်ဖက်တဲ့ ကာလာတွေထဲမှာ စစ်စိမ်းရင့် ၊ စိမ်းပြာ ၊ မီးခိုးရောင် ၊ ကောင်းကင်ပြာဖျော့ နဲ့ လိမ္မော်ဖျော့ကာလာတွေလည်း ပါဝင်ပါတယ်။
(၄) မီးခိုးရောင်နဲ့ လိုက်ဖက်တဲ့ အရောင်
Photo: thetrendspotter
မီးခိုးရောင်နဲ့ တစ်ခြားအရောင် တွဲဝတ်မယ်ဆိုရင် ဒီအရောင်က ကျတဲ့ အရိပ် Shade ကို ပြန်စဉ်းစားရမှာပါ။ ယေဘုယျအားဖြင့် မီးခိုးဖျော့ကာလာဟာ အဖျော့ရောင်ပြေးနဲ့ လိုက်ပါတယ်။ ဒီထဲမှာ အဖြူရောင် ၊ အပြာနုရောင်နဲ့ ပန်းနုရောင်တွေ ပါဝင်ပါတယ်။ မီးခိုးရင့်ကတော့ အဖြူနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနက် ၊ အညိုကာလာတွေနဲ့လည်း တွဲဝတ်လို့ကောင်းပါတယ်။
(၅) အဖြူရောင်နဲ့ လိုက်ဖက်တဲ့ အရောင်
Photo: thetrendspotter
အဖြူနဲ့ အနက်ရောင်တွေကို ဘက်စုံသုံးကာလာတွေလို့ ဆိုရမှာပါ။ အဖြူရောင်အတွက်ဆိုရင် သိပ်ပြီးခေါင်းစားစရာ မလိုပါဘူး။ အဖြူနဲ့ လိုက်ဖက်တဲ့ ကာလာက Cool Tones လို့ခေါ်တဲ့ အနက် ၊ နက်ပြာနဲ့ အပြာနုရောင်တွေ ဖြစ်ပါတယ်။ ကြားရောင်တွေထဲက သဲဆန်တဲ့ အရောင်နဲ့ အသားရောင်ဖျော့ဖျော့တွေလည်း အဖြူနဲ့ လိုက်ဖက်ပါတယ်။