Kwee ပရိတ်သတ်တို့ရေ မင်္ဂလာပါနော်။ လူတစ်ယောက်နဲ့တစ်ယောက်က အကြိုက်ချင်းတူချင်မှ တူနိုင်ကြမှာပါ။ အစားအသောက်လည်း အစားအသောက်အလျောက်၊ အရောင်ဆိုလည်း အရောင်အလျောက် သူ့အကြိုက်ကိုယ့်အကြိုက်ဆိုတာ ရှိကြပါတယ်။

အဝတ်အစားဝတ်တဲ့အခါမှာလည်း ကိုယ်ကဒီအရောင်ပဲကြိုက်တာဆိုပြီး ခေါင်းမာမာနဲ့ဝတ်နေလို့မရပါဘူး။ ဖက်ရှင်ဆိုတဲ့အတိုင်း သူ့နေရာနဲ့လိုက်ဖက်ညီအောင်၊ ကြည့်လို့ကောင်းအောင် ဝတ်တတ်ရပါတယ်။

အဖြူအနက်ကတော့ လွယ်လွယ်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပေမယ့် တချို့အရောင်တွေဆိုရင်တော့ ဘာနဲ့ဘယ်လိုလိုက်မှန်းမသိတဲ့ အခါတွေလည်းရှိပါတယ်။ ကဲ…ဒါဆိုရင်တော့ ဘယ်အရောင်က ဘာနဲ့လိုက်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

နက်ပြာရောင်

နက်ပြာရောင်ကို ဝတ်မယ်လို့ဆုံးဖြတ်ထားပြီးရင် အနက်ကိုယောင်လို့တောင် မထိပါတော့နဲ့။ နက်ပြာနဲ့အနက်ကို တွဲပြီးဝတ်လိုက်ခြင်းက ကွီးတို့ဖက်ရှင်ကို မှောင်မှောင်ကြီးဖြစ်သွားစေနိုင်လို့ အနက်အစား အဖြူ ဒါမှမဟုတ် အသားရောင်လို အရောင်နုကိုရွေးချယ်ပါ။ ပန်းနုရောင်အဖျော့၊ ကြက်သွေးရောင်၊ အပြာဖျော့ရောင်တို့နဲ့လည်း နက်ပြာရောင်ကိုတွဲပြီးတော့ ဝတ်ဆင်နိုင်ပါတယ်။

အနီမှိုင်းမှိုင်း

အနီမှိုင်းမှိုင်း အရောင်ရှိတဲ့ အဝတ်အစားတွေက စတိုင်ကျတဲ့အသွင်ရှိပေမယ့်လည်း တခြားအရောင်တွေနဲ့ တွဲဝတ်တဲ့အခါမှာတော့ အနည်းငယ်တိုင်ပတ်နိုင်ပါတယ်။ ဒါကြောင့် အနီမှိုင်းမှိုင်းကို ဝတ်ဖို့စဉ်းစားထားရင်တော့ အနက်၊ အဖြူ၊ ခဲရောင်၊ အညိုရောင်တို့နဲ့ တွဲကာဝတ်ဆင်နိုင်ပါတယ်။

အစိမ်းရောင်

ကိုယ်ကအစိမ်းရောင်ကြိုက်တဲ့လူဆိုရင်တော့ အနက်ရောင်နဲ့သာတွဲဝတ်လိုက်ပါ။ အနက်ကတော့ အစိမ်းနဲ့အလိုက်ဖက်ဆုံးဖြစ်ပြီးတော့ နောက်ထပ်အပြောင်းအလဲအနေနဲ့ ဝတ်ချင်ပါက အညိုရောင်၊ အနီမှိုင်း၊ နက်ပြာတို့နဲ့ တွဲပြီးဝတ်ဆင်နိုင်ပါတယ်။

အသားရောင်

အသားရောင်ကတော့ အခြားအရောင်တွေထက်စာရင် ဖျော့တဲ့ဖက်ကိုသွားတာကြောင့် အဖြူ၊ အပြာ၊ အညိုဖျော့ရောင်တို့နဲ့တွဲဝတ်ရင် အင်မတန်ကြည့်ကောင်းလှပါတယ်။ အကယ်လို့ ကိုယ်ဝတ်မယ့် အသားရောင်က အဝါဖက်ကို နည်းနည်းဖောက်တယ်ဆိုရင်တော့ ကြက်သွေးရောင်၊ နက်ပြာရောင် နဲ့ အညိုရောင်တို့ကို ရွေးချယ်ပါ။

အနီရောင်

အနီရောင်ကတော့ အရမ်းတောက်လွန်းတဲ့အရောင်တစ်မျိုးဖြစ်တာကြောင့် ဖျော့တဲ့အရောင်တွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ ကိုယ်က ပေါ့ပါးလွတ်လပ်တဲ့ပုံစံကို သဘောကျရင်တော့ အဖြူနဲ့တွဲဝတ်နိုင်ပြီး စမတ်ကျတဲ့ဖက်ကို သွားချင်ရင်တော့ အနက်နဲ့တွဲပြီးဝတ်ပေးပါ။

အနက်ရောင်

အနက်ရောင်ကတော့ ဖျော့ဖျော့၊ ရင့်ရင့် အရောင်တော်တော်များများနဲ့ တွဲပြီးဝတ်လို့အဆင်ပြေပါတယ်။ ဒါပေမယ့် ကိုယ်ကအနက်ကြိုက်သူမို့ အနက်ကို ပိုပေါ်စေချင်ရင်တော့ ဖျော့တဲ့အရောင်ထဲမှာ ပန်းရောင်၊ အပြာနု၊ အဖြူရောင်တို့ကိုရွေးချယ်နိုင်သလို အရောင်ရင့်အနေနဲ့ အနီဆိုရင် ပိုပြီးကြည့်လို့ကောင်းပါတယ်။

အဖြူရောင်

အနက်ရောင်လိုပဲ အဖြူရောင်ကလည်း ဘယ်လိုအရောင်နဲ့တွဲဝတ်ဝတ် အဆင်ပြေပါတယ်။ အလိုက်ဆုံးကတော့ အနက်၊ နက်ပြာ၊ အပြာနုတို့ဖြစ်ပြီး အသားရောင်၊ သဲရောင်တို့ကလည်း နွေးထွေးတဲ့အချိန်လေးတွေမှာ ဝတ်ရင် ကြည့်လို့ကောင်းမှာပါ။

ခဲရောင်

ရင့်လွန်းတာ၊ ဖျော့လွန်းတာကို မကြိုက်သူတွေအနေနဲ့ ခဲရောင်ကို အဖြူ၊ အပြာနု၊ ပန်းဖျော့ရောင်တို့နဲ့ တွဲဖက်ကာ ဝတ်ဆင်နိုင်သလို အတန်ငယ်ရင့်တဲ့ ခဲရောင်ဆိုရင်တော့ အနက်၊ အနီမှိုင်းတို့နဲ့ တွဲကာ ဝတ်ပေးနိုင်ပါတယ်။

အညိုရောင်

ခဲရောင်လိုပဲ အညိုရောင်ကလည်း ဝတ်မယ်လို့ဆုံးဖြတ်ပြီးရင် သူနဲ့လိုက်မယ့် အရောင်စဉ်းစားရတာလည်း အတန်ငယ်ခက်ခဲပါတယ်။ အညိုဖျော့တွေကိုတော့ အဖြူရောင်၊ ခရင်မ်ရောင်၊ အပြာနုရောင်တို့နဲ့ တွဲဝတ်ပေးနိုင်သလို ရင့်တဲ့ဖက်ကိုသွားရင်တော့ အနက်၊ အနီမှိုင်း၊ နက်ပြာ ဒါမှမဟုတ် အစိမ်းရင့်ရောင်တို့နဲ့ တွဲဝတ်ပေးပါ။

ပန်းရောင်

အမျိုးသားအများစုကတော့ မိန်းကလေးဆန်တယ်၊ ဝတ်ရတာခက်တယ်ဆိုပြီး ရှောင်ကြတာများပါတယ်။ ဒါပေမယ့် ပန်းနုရောင်လို့ ရှပ်အင်္ကျီ၊ ဆွယ်တာတို့ကို ခဲရောင်၊ အပြာ၊ အဖြူ၊ အသားရောင်တို့နဲ့ တွဲဝတ်ပေးမယ်ဆိုရင်တော့ မိန်းကလေးဆန်တယ်ဆိုပြီး ဘယ်သူမှ ကဲ့ရဲ့တော့မှာမဟုတ်ပါဘူး။

Source: www.thetrendspotter.net