နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း အိမ်မှာပဲအေးအေးဆေးဆေးအနားယူအပန်းဖြေချင်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတွေ ညွှန်းပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း နာမည်ကြီးလူကြိုက်များခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေဖြစ်တာကြောင့် ပရိသတ်တွေမကြည့်ရသေးဘူးဆိုရင် အခုပဲကြည့်ဖို့ တိုက်တွန်းချင်ပါတယ်နော်။

(၁) Bad Boys For Life

Source : Sony Pictures Entertainment

မိုင်ယာမီစုံထောက်ကျော်ကြီးတွေဖြစ်တဲ့ မားကက်စ်နှင့် မိုက်ခ်တို့ရဲ့ အတိတ်က ရန်ငြိုးတွေကြောင့် ပါတီပွဲတစ်ခုမှာ မိုက်ခ်နဲ့ လုပ်ဖော်ကိုင်ဖက်အရာရှိတွေ လုပ်ကြံခဲ့ရပါတယ်။ ကံကောင်းစွာပဲ မိုက်ခ်ကအသက်မသေခဲ့တာကြောင့် ပင်စင်ယူတော့မယ့် တွဲဖက်ဟောင်း သူငယ်ချင်းမားကက်စ်ကိုအကူညီတောင်းပြီး ပြန်လည်လက်စားချေမယ့် Bad Boys For Life (2020) ဇာတ်ကားကတော့ အက်ရှင်ဇာတ်ကားကြိုက်သူတွေအတွက် ကွက်တိပါပဲ။

(၂) The Half Of It

Source : Netflix

အရှက်ကြီးပြီး လူတွေနဲ့ရောရောထွေးထွေးမနေတက်တဲ့ အယ်လီဆိုတဲ့ အမေရိကန်တရုတ်ကာပြားမလေးက ကျောင်းမှာသူငယ်ချင်းတွေရဲ့ အိမ်စာတွေကိုလုပ်ပေးရင်း အပိုဝင်ငွေရှာပါတယ်။ တစ်ရက်မှာ ပေါလ်ဆိုတဲ့ကောင်လေးက သူသဘောကျတဲ့ အတန်းဖော်ကောင်မလေး အက်စတာကိုပေးဖို့ ရည်စားစာတစ်စောင်ကို အယ်လီချူးက ရေးပေးဖို့ကမ်းလှမ်းလာပါတယ်။ ဒီကစလို့ သူတို့သုံးဦးကြားက ချစ်ခြင်းမေတ္တာတွေက ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာ ရင်ခုန်စွာကြည့်ရှု့ရမယ့် ဆယ်ကျော်သက်အချစ်ဒရမ်မာ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

(၃) Onward

Source : Pixar

နတ်သူငယ်ညီအကိုနှစ်ယောက်ဖြစ်တဲ့ Ian နှင့် Barley တို့က အသက် (၁၆) နှစ်ကျော်သွားပြီဖြစ်တာကြောင့် သေဆုံးသွားတဲ့ သူတို့ရဲ့အဖေဖြစ်သူပေးခဲ့တဲ့ မှော်တောင်ဝှေးကို လက်ဆောင်အနေနဲ့ ရခဲ့ပါတယ်။ ဒီမှော်တောင်ဝှေးကို ဂါထာတွေနဲ့မြန်းမှုတ်ပြီး သေဆုံးသွားတဲ့သူတို့ရဲ့အဖေ့ကို ၂၄ နာရီ တစ်ရက်စာ ပြန်အသက်ရှင်အောင်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် တလွဲတွေဖြစ်ခဲ့တာကြောင့် အဖေဖြစ်သူက ခန္ဓာကိုယ် ကိုယ်တစ်ပိုင်းသာပေါ်လာခဲ့ပါတယ်။ ၂၄ နာရီမပြည့်ခင်မှာ သူတို့အဖေရဲ့ ခန္ဓာကိုယ်အပြည့်ပေါ်အောင် အခက်အခဲတွေကြားကနေ ကြိုးစားသွားမယ့် ရယ်မောပျော်ရွှင်စရာဟာသ Animation ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

(၄) The King of Staten Island

Source : Universal Pictures

စကော့ကာလင်လို့ခေါ်တဲ့ အသက် (၂၄) နှစ်အရွယ်ကောင်လေးဟာ မုဆိုးမမိခင်နဲ့ ညီမဖြစ်သူတို့နဲ့အတူနေထိုင်ပါတယ်။ သူ့အသက် (၇) နှစ်အရွယ်မှာပဲ မီးသတ်သမားဖခင်ဖြစ်သူဟာ ဟိုတယ်တစ်ခုမီးလောင်မှုမှာသေဆုံးသွားခဲ့ပါတယ်။ အဲ့အချိန်ကစလို့ စကော့ဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေ ရခဲ့ပါတယ်။ ညီမဖြစ်သူကကောလိပ်တက်ဖို့ကြိုးစားနေပေမယ့် တက်တူး Artist တစ်ယောက်ဖြစ်ချင်တဲ့စကော့ကတော့ ရောဂါအကြောင်းပြပြီး နေတိုင်း ဘာအလုပ်မှမလုပ်ပဲ ဆေးခြောက်သောက်လိုက် သူငယ်ချင်းတွေနဲ့အပြင်သွားလိုက်လုပ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ ရေးလ်လို့ခေါ်တဲ့မီးသတ်သမားတစ်ဦးနဲ့ သူရဲ့ မိခင်တို့ စကြိုက်ချိန်မှာတော့ သူ့ဘဝတိုးတက်အောင်လုပ်ဖို့ တွန်းအားတွေဖြစ်လာခဲ့ပြီး အပြောင်းအလဲတွေများစွာကို စတင်ရင်ဆိုင်သွားရမယ့် လူငယ်တစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ်ရာဘဝကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။