မှတ်တမ်းရုပ်ရှင်လို့ ခေါ်တဲ့ Documentary ကားတွေက သာမန်ဖျော်ဖြေရေးရုပ်ရှင်ကြည့်သူတွေ အကြိုက်နည်းမယ့် ရုပ်ရှင်အမျိုးအစားထဲမှာ ပါပါတယ်။ Documentary ဆိုတာ ဖြစ်ရပ်မှန်အခြေပြု အတ္ထုပ္ပတ္တိနဲ့ မှတ်တမ်းရုပ်ရှင်မျိုး ဖြစ်ပါတယ်။ Documentary ကားတစ်ခုကို ခံစားနိုင်ဖို့ အဲ့ဒီရုပ်ရှင်ရဲ့ နောက်ကွယ်က သမိုင်းကြောင်းကိုလည်း တီးမိခေါက်မိဖို့ လိုပါတယ်။ နောက်တစ်ချက်က အတ္ထုပ္ပတ္တိဆိုတာ သင်ထင်မထားတဲ့ လူတစ်ယောက်ရဲ့ အလင်း/အမှောင် နှစ်ခြမ်းစလုံးကို ချပြတဲ့ရုပ်ရှင်ဖြစ်လို့ စိတ်ကိုပြင်ဆင်ပြီးမှ ကြည့်ရမယ့်ရုပ်ရှင်လို့တောင် ပြောနိုင်ပါတယ်။

ဒီနှစ်ထဲမှာ Documentary ရုပ်ရှင်ချစ်သူတွေအတွက် ဇာတ်လမ်းကောင်းတွေ ထွက်လာတာတွေ့ရပါတယ်။ ဒါဇင်နဲ့ချီတဲ့ အသစ်ထွက် Documentary ရုပ်ရှင်တွေထဲကမှ ရုပ်ရှင်ချစ် ကွီးပရိသတ်တွေ လက်မလွှတ်သင့်တဲ့ မှတ်တမ်းရုပ်ရှင်ကား ၄ ကားအကြောင်း မျှဝေလိုက်ပါတယ်။

(၁) Tiger

Tiger

Photo: larepublica

ဇာတ်ကားနာမည်ကို ကြည့်ရင် ကျားတစ်ကောင်အကြောင်းလားလို့ အထင်မှားကြပါလိမ့်မယ်။ တကယ်က လူကျားတစ်ယောက်ရဲ့ အကြောင်းပါ။ ကမ္ဘာကျော် ဂေါက်သီးရိုက်သမား တိုက်ဂါးဝုဒ်ဆိုရင် အားကစားဝါသနာမပါတဲ့သူတွေတောင် ကြားဖူးကြပါလိမ့်မယ်။ သမိုင်းမှာ အအောင်မြင်ဆုံးဂေါက်သီးရိုက်သမားဖြစ်သလို အမြင့်ဆုံးဆိုတဲ့ဆုတွေချည်း သိမ်းပိုက်ခဲ့တဲ့ ပါရမီရှင်တစ်ယောက် ဘယ်လို ဖြစ်လာသလဲ။ သူ့ဘဝရဲ့ အမှောင်ခြမ်းနဲ့ ကန့်လန့်ကာ နောက်ကွယ်မှာ ဘာတွေ ရှိမလဲ ဆိုတာကို Documentary စီးရီးအနေနဲ့ HBO ကနေ တင်ဆက်နေတာပါ။

(၂) MLK/FBI

MLK/FBI

Photo: mlkfbi
MLK ဆိုတာ ဒေါက်တာမာတင်လူသာကင်း ဂျူနီယာကို အတိုကောက် ပေးထားတဲ့နာမည်ဖြစ်ပါတယ်။ အမေရိကန်လူ့အခွင့်အရေးလောကရဲ့စံပြခေါင်းဆောင် ဟီးရိုးတစ်ယောက်ဖြစ်ခဲ့တဲ့ ဒေါက်တာမာတင်လူသာကင်း ဂျူနီယာဟာ လူမျိုးရေးခွဲခြားမှုတွေကို တိုက်ဖျက်ဖို့ အကြမ်းမဖက်ရေးမူနဲ့ အသက်သေတဲ့အထိ ဦးဆောင်လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။ Documentary မှာပါတဲ့ FBI ကတော့ ဒေါက်တာကင်းရဲ့ ဖုန်းကို ကြားဖြတ်နားထောင်မှုလုပ်ပြီး နောက်ကြောင်းစုံစမ်းခဲ့တဲ့ FBI ညွှန်ကြားရေးမှူးချုပ် ဂျေ အက်ဂါဟူးဗားကို ဆိုလိုတာပါ။ ဒီ Documentary မှာ လူ့အခွင့်အရေးသမားတစ်ယောက်ရဲ့ဘဝနဲ့ သူဖြတ်သန်းခဲ့တဲ့ လူမျိုးရေးခွဲခြားတဲ့ခေတ်ကြီးအကြောင်းကို ကြည့်ရှုခံစားရမှာပါ။

(၃) Pelé

pelé documentary 2021

Photo: tvshowsfinder

ကမ္ဘာကျော် ဘရာဇီးဘောလုံးပါရမီရှင် ပီလီအကြောင်း ဇာတ်ကားတွေ ထွက်ခဲ့တဲ့အထဲမှာ ၂၀၂၁ ထွက် ပီလီအကြောင်း Netflix မှတ်တမ်းရုပ်ရှင်လည်း တစ်ခုအပါအဝင်ပါ။ Netflix ရဲ့ Pelé ရုပ်ရှင်မှာ ဘရာဇီးဂန္ဂဝင် ဘောလုံးအကျော်အမော်ပီလီနဲ့ ရှားရှားပါးပါး အင်တာဗျူးတွေပါ ထည့်ပြထားပါတယ်။ အားကစားသမိုင်းကို ပီလီက ဘယ်လိုပြောင်းလဲနိုင်ခဲ့သလဲဆိုတာကို နှစ်နာရီစာ မှတ်တမ်းရုပ်ရှင်အနေနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(၄) Night Stalker : The Hunt for a Serial Killer

night-stalker-netflix-richard-ramirez

Photo: newsweek

အခုပြောခဲ့တဲ့ Documentary သုံးခုစလုံးက အားကျအတုယူစရာ ပါရမီရှင်နဲ့ လူတော်လူကျော်တွေအကြောင်း ဖြစ်ပေမယ့် Night Stalker ကတော့ လူပေါင်းများစွာကို သတ်ဖြတ် ၊ မုဒိမ်းကျင့် ၊ ပြန်ပေးဆွဲ စတဲ့ မကောင်းမှုဒုစရိုက်အစုံကို လုပ်ခဲ့ပြီး ညဘက်ချောင်းမြောင်းသူ Night Stalker ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရစ်ချက်ရာမီရက်ဇ်ဆိုသူအကြောင်း ရိုက်ထားတာ ဖြစ်ပါတယ်။ တကယ်တော့ လူသတ်သမားအကြောင်းထက် ဒီလူသတ်သမားကို ဖမ်းဆီးရမိနိုင်ဖို့ လူငယ်စုံထောက် ဂီလ် ကာရီလိုနဲ့ ရဲစုံထောက် ဖရန့်ဆာလာနိုတို့ ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပိုပြီး တွေ့ရမယ့် မှတ်တမ်းရုပ်ရှင်လည်း ဖြစ်ပါတယ်။

Featured Photo: mlkfbi