နေ့စဉ်ကွန်ပြူတာအရှေ့မှာပဲ အချိန်ကုန်ရတာ များတဲ့သူတွေ အနေနဲ့ အထိုင်များခြင်းကြောင့် ညောင်းညာကိုက်ခဲမှု ဝေဒနာတွေ ခံစားနေကြရတာ များပါတယ်။ အဲ့လို လှုပ်ရှားမှုနည်းပြီး အထိုင်များသူတွေဟာ နောက်ပိုင်းမှာ မလိုလားအပ်တဲ့ အဆီပိုတွေ စုလာပြီး အဝလွန်ခြင်း၊ ဗိုက်ပူခြင်းများ ဖြစ်လာတက်ပါတယ်။

အကယ်၍ ကိုယ်ဟာအထိုင်များသူ တစ်ယောက်ဖြစ်ပြီး အထက်ပါ ရောဂါဝေဒနာတွေ မလိုလားအပ်တဲ့အဆီပိုတွေ ဖြစ်လာမှာကြောက်တယ် ဆိုရင်တော့ အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေဟာ မိမိထိုင်နေကျ ထိုင်ခုံပေါ်မှာပဲ ပြုလုပ်လို့ရတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ထိရောက်မှု မြန်စေတဲ့အတွက်ကြောင့် ကိုယ့် အနေနဲ့ သိထားဖို့လိုပါမယ်နော်။

(၁) Chair Squat

Source : The Iowa Clinic

ရှေးဦးစွာ မိမိထိုင်ခုံအရှေ့ကနေ မတ်တပ်ရပ်အနေအထား ပုံစံယူရပါမယ်။ အဲ့ဒီနောက်မှာလက် (၂) ဖက်ကို ပူးထားပြီး ထိုင်ခုံနဲ့တင်ပါး ထိမိတဲ့အထိ ဒူးကိုအနည်းငယ်ကွေးချကာ ထိုင်ထလုပ်တဲ့သဘောမျိုး ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းအတိုင်း (၁၅) ကြိမ် လေးခေါက်ပြုလုပ်ပေးပါ။

(၂) Quick Feet

Source : Skimble

ဒီနည်းကတော့ ထိုင်ခုံပေါ်ကနေ လမ်းလျှောက်တဲ့ နည်းပါ။ ထိုင်ခုံပေါ်မှာ ထိုင်ရက်အနေအထားနဲ့ ပဲ ခြေထောက်(၂) ဖက်ကို ဘယ် ညာလမ်းလျှောက်သလို ခပ်မြန်မြန်လေး ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းအတိုင်း အကြိမ် (၃၀) လေးခေါက် ပြုလုပ်ပေးရပါမယ်။

(၃) Chair Plank

Source : Men’s Journal

အရင်ဆုံး ခန္ဓာကိုယ်ကို ၄၅ ဒီဂရီစောင်းပြီး ထိုင်ခုံပေါ်မှာ မှောက်လျက် အနေအထား ပုံစံယူရပါမယ်။ ပြီးရင် တံတောင်ဆစ်နေရာမှစတင်ကာ လက်ဖျံတစ်ချောင်းလုံး ခုံပေါ်တွင်ထောက်ထားပြီး ခြေချောင်းတွေကိုလည်း ကြမ်းပြင်မှာ ထောက်ထားရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်လုံးရဲ့ ဝိတ်ကိုအဆိုပါ ထောက်ထားတဲ့ လက် (၂) ဖက်နဲ့ ထိန်းပေးထားရမှာဖြစ်ပြီး လက်ချောင်းလေးတွေအချင်းချင်း ပူးကပ်ထားရပါမယ်။ ဒီနည်းအတိုင်း လှုပ်ရှားမှုမရှိဘဲ (၄၅) စက္ကန့်ခန့် ငြိမ်ငြိမ်လေးနေပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုလည်း (၄၅) စက္ကန့် လေးခေါက်လုပ်ရပါမယ်။

(၄) Bent Over With Arm Lift

Source : realjock.com

ဒီလေ့ကျင့်ခန်းကတော့ ထိုင်ခုံရဲ့ အစွန်းမရောက်တရောက် နေရာလေးမှာ ခန္ဓာကိုယ်ကို (၄၅) ဒီဂရီစောင်းပြီး ထိုင်ရပါမယ်။ ခါးက ကုန်းနေတာ ကွေးနေတာမျိုးမဖြစ်စေပဲ (၄၅) ဒီဂရီစောင်းထားတဲ့အတိုင်း မတ်မတ်လေး ရှိနေရပါမယ်။ ထို့နောက် လက် (၂) ဖက်ကိုလက်သီးဆုပ်အနေနဲ့ထား ခြေသလုံးအရှေ့နားလောက်မှာ နေရာယူပါမယ်။ ပြီးရင်တော့ လက် (၂) ဖက်ကိုဦးခေါင်းနားအထိ မတင်ကာ အတောင်ပျံခတ်သလို ပျံသန်းပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း (၂၀) ကြိမ်လေးခေါက်ပြုလုပ်ရပါမယ်။

(၅) Leg Lift

Source : Gulliftys.us

Leg Lift ဆိုတဲ့အတိုင်းပါပဲ ခြေထောက်မြောက်ပေးရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ခုံပေါ်မှာထိုင်ရက်အနေအထားနဲ့ ခုံရဲ့ လက်တင်တဲ့နေရာကို ကိုင်ထားပေးရပါမယ်။ ထို့နောက် ခြေထောက်(၂)ဖက်ကို ပူးပြီး ကြမ်းပြင်ကနေ (၉၀) ဒီဂရီမြှောက်ထားပေးရပါမယ်။ ပြီးတဲ့အခါ ရင်ဘတ်နားအထိ ရောက်အောင်ခြေထောက်ကို ဆက်လက်အတင်အချ လုပ်ရပါမယ်။ အဲ့လိုခြေထောက်မြှောက်တဲ့အခါ ဝမ်းဗိုက်ကြွက်သားတွေကို အဓိကသုံးပြီး မြှောက်ပေးပါ။ ဒီနည်းလမ်း (၂၀) ကြိမ် လေးခေါက် ပြုလုပ်ပေးရပါမယ်နော်။