ဆံပင်စတိုင်လ်က သင့်ရဲ့ပုံပန်းသွင်ပြင်ကို နုပျိုလန်းဆန်းတဲ့ပုံစံ ပေါက်အောင်ဖန်တီးပေးနိုင်သလို အိုမင်းပြီး ရှိရင်းစွဲအသက်ထက်ပိုကြီးတဲ့ပုံပေါက်အောင်လည်း ဖန်တီးနေတတ်ပါတယ်။ ဒါ့အပြင် သင့်ကို စတိုင်လ်ကျတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့အတွက် ဆံပင်စတိုင်လ်ကတစ်ထောင့်တစ်နေရာက ကူညီပေးနေပါတယ်။

ကိုယ်နဲ့လိုက်ဖက်မှုမရှိတဲ့ ဆံပင်စတိုင်လ်ကို ရွေးချယ်ပြီး ညှပ်မိမယ်ဆိုရင် မှန်ကြည့်လိုက်တိုင်း စိတ်ညစ်နေရပါလိမ့်မယ်။ ဒါ့ကြောင့် ကျွမ်းကျင်မှုရှိတဲ့ဆံသပညာရှင်ကို သေချာရွေးချယ်ပြီး ညှပ်သင့်ပါတယ်။ ဆံပင်စတိုင်လ်အမျိုးမျိုးရှိတဲ့အထဲကမှ ဒီတစ်ခေါက် ပြောပြချင်တဲ့ ဆံပင်စတိုင်လ်လေးကတော့ Fade ဆံပင်စတိုင်လ်လို့ အမည်ပေးထားတဲ့ ဆံပင်စတိုင်လ်လေးပါပဲ။

သူ့ပုံစံလေးက ဦးခေါင်း ဘေးနှစ်ဖက်နဲ့ အနောက်ခြမ်းကို ဆံပင်တိုတိုကပ်ကပ်ကလေးညှပ်ထားပြီးတော့ ဦးခေါင်းအလယ်တည့်တည့်မှာ ဆံပင်ခပ်ရှည်ရှည်ထားတဲ့ကေပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အမျိုးသားအများစုထားတဲ့ကေဆိုရင်လည်း မမှားပါဘူး။

ဒါဆိုရင် သင့်မျက်နှာကျနဲ့ လိုက်ဖက်အောင် ညှပ်သင့်တဲ့ Fade ဆံပင်စတိုင်လ်လေးတွေကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ဆံပင်ကေ အမျိုးအစား (၁)

စမတ်ကျချင်တဲ့အမျိုးသားများအနေနဲ့ကတော့ ဒီဆံပင်ကေကိုညှပ်သင့်ပါတယ်။ ရုံးတက်ရတဲ့ကိုကိုတွေအတွက်လည်း အဆင်ပြေသလို လူငယ်ဆန်တဲ့ပုံစံကို သဘောကျတဲ့ကွီးတို့နဲ့လည်း လိုက်ဖက်မှုရှိပါတယ်။

အမျိုးအစား (၂)

သဘာဝဆန်ပြီး မျက်နှာရှင်းရှင်းလင်းလင်းဖြစ်နေချင်တဲ့ အမျိုးသားများအနေနဲ့ကတော့ ဒီဆံပင်ကေညှပ်သင့်ပါတယ်။ တိုတိုကပ်ကပ်ကလေးဆိုတော့ ဆံပင်အတွက်လည်း သိပ်အချိန်ပေးစရာမလိုတော့ဘူးပေါ့။

အမျိုးအစား (၃)

တတိယအမျိုးအစားကတော့ မျက်နှာရှည်တဲ့အမျိုးသားနဲ့ မျက်နှာက စိန်ပွင့်ပုံသဏ္ဍာန် (သို့မဟုတ်) တြိဂံပုံစံ မျက်နှာကျရှိတဲ့ အမျိုးသားများနဲ့ လိုက်ဖက်ပါတယ်။ ဒါ့အပြင် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး အနည်းငယ်ထားချင်တဲ့ ကွီးတို့နဲ့လည်း လိုက်ဖက်မှုရှိပါတယ်။

ဆံပင်ကေ အမျိုးအစား (၄)

ဒီဆံပင်စတိုင်လ်ကတော့ ဦးခေါင်း ဘေးနှစ်ဖက်စလုံးရော အနောက်ဘက်ခြမ်းကိုပါ ကတုံးပုံစံ တိတိရိရိညှပ်ထားတာပဲဖြစ်ပါတယ်။ ဒီဆံပင်ကေကိုတော့ မျက်နှာဝိုင်းတဲ့အမျိုးသားများနဲ့ လေးထောင့်ပုံစံ မျက်နှာကျရှိတဲ့အမျိုးသားများ ညှပ်သင့်ပါတယ်။ ကတုံးပုံစံလည်း ထားချင်တယ် ဆံပင်ကိုလည်း အကုန်မရိတ်ချင်ဘူးဆိုပြီး စိတ်နှခွဖြစ်နေရင်တော့ ဒီကေက သင့်တော်ပါတယ်။

အမျိုးအစား (၅)

မေးရိုးပေါ်လွင်တဲ့အမျိုးသားများအနေနဲ့ကတော့ နံပါတ် (၅) ဆံပင်ကေကို ညှပ်သင့်ပါတယ်။ ဒီကေက အဝတ်အစားမရွေးတာကြောင့် ရုံးတက်တဲ့အခါ လူကြီးလူကောင်းဆန်ဆန်ဝတ်စားမယ်ဆိုရင်လည်း လိုက်ဖက်မှုရှိသလို ဘော်ဒါတွေနဲ့ကဲဖို့ အပြင်ထွက်တဲ့အခါမှာလည်း လွတ်လပ်ပေါ့ပါးတဲ့စတိုင်လ်ဝတ်ဆင်မယ်ဆိုလည်း လိုက်ဖက်ပါတယ်။

အခုဖော်ပြပေးသွားတဲ့ဆံပင်စတိုင်လ် (၅) မျိုးက Fade ဆံပင်စတိုင်လ်တစ်မျိုးထဲကနေ ခွဲထွက်သွားတဲ့အမျိုးအစားတွေပဲဖြစ်တာကြောင့် ပုံစံလေးတွေက ဆင်တင်တင်ဖြစ်နေပါတယ်။ ဒါ့ကြောင့် ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်မှုရှိတဲ့ အမျိုးအစားကို သေချာရွေးချယ်ပါလို့ ထပ်မံအကြံပြုလိုက်ပါရစေ။

Source: Fashionbeans.com