တစ်နှစ်တစ်နှစ် ထွက်လိုက်တဲ့ ရုပ်ရှင်တွေက ကြည့်မယ်ဆို ကုန်စရာကို ရှိမှာ မဟုတ်ပါဘူး။ ၂၀၂၁ မှာလည်း ရုံတင်လာတဲ့ ကားကြီးတွေ အများကြီးရှိလို့ အကောင်းဆုံးရုပ်ရှင်ဆိုပြီး ဆွဲထုတ်တာဟာ တိကျမှန်ကန်မှု ရှိမှာ မဟုတ်ပါဘူး။ နောက်တစ်ချက်ကလည်း အကောင်းဆုံးရုပ်ရှင်ကားတွေအဖြစ် ညွှန်းရာမှာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တူဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းလွန်းပါတယ်။
ဒါပေမယ့်လည်း ဒီနှစ်အတွက် လက်ရှိထွက်ပြီးတဲ့ ဟောလီဝုဒ်ရုပ်ရှင်ကားတွေထဲက အခုပြောမယ့်ရုပ်ရှင်ကားတွေကတော့ လူစိတ်ဝင်စားမှုအမြင့်ဆုံးကားတွေ ဖြစ်ခဲ့ပါတယ်။ ကဲ ဘယ်ရုပ်ရှင်တွေက လောလောလတ်လတ် ထွက်ထားတဲ့အထဲက အကောင်းဆုံးရုပ်ရှင်ကားတွေ ဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်ပါ။
(၁) No Time To Die

Photo: pinkvilla
ဂျိမ်းစ်ဘွန်းကားတွေ ကြည့်ရတာ နှစ်ခြိုက်ကြသူတွေအတွက် မင်းသားကြီး ဒန်နီယယ်ခရေ့ချ် သရုပ်ဆောင်ထားတဲ့ No Time To Die ရုပ်ရှင်ကားသစ်က လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အေးဂျင့်ဘဝကနေ နားပြီး ဂျမိုင်ကာမှာ သူ့ဘဝနဲ့သူ သာယာနေတဲ့ ဂျိမ်းစ်ဘွန်းတစ်ယောက် သူ့ရဲ့ CIA မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်တဲ့ ဖီးလစ် လိုင်တာရဲ့ အကူအညီတောင်းမှုကို မငြင်းနိုင်ရာကနေ ပြန်ပေးဆွဲခံထားရတဲ့ သိပ္ပံပညာရှင်တစ်ယောက်ကို ကယ်ဖို့ ဖြစ်လာခဲ့ပြီးနောက် အန္တရာယ်ကြီးလှတဲ့ နည်းပညာသစ် တပ်ဆင်ထားတဲ့ ဗီလိန်နဲ့ ရင်ဆိုင်ရတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။
နာမည်ကြီး မင်းသား ရာမီမယ်လစ်ခ်လည်း ဒီကားမှာ ပါဝင်ထားပါတယ်။ No Time To Die ဟာ ဒန်နီယယ် ခရေ့ချ်အတွက် ပဉ္စမမြောက်နဲ့ နောက်ဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။
(၂) Shang-Chi And The Legend Of The Ten Rings

Photo: thedirect
စူပါဟီးရိုးကားတွေ သဘောကျရင် ဒီကားလည်း ကြည့်ဖို့ ညွှန်းချင်ပါတယ်။ Martial-Arts မာစတာ ရှောင်းချီဟာ ထူးဆန်းတဲ့ Ten Rings လက်စွပ် ၁၀ ကွင်းအဖွဲ့အစည်းနဲ့ ရင်ဆိုင်ရတဲ့ဇာတ်လမ်းပါ။ Marvel Studios က ထုတ်လုပ်ပြီး Box Office မှာ ဒေါ်လာ သန်း ၄၀၀ နီးပါးဖိုး ဝင်ငွေရထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
(၃) The Father

Photo: The Guardian
မိသားစုဒရာမာကားတွေက မိသားစုမေတ္တာနဲ့ ရုန်းကန်မှုတွေကို ခင်းကျင်းပြသရာ ဇာတ်လမ်းတွေပါပဲ။ အသက်ကြီးလာတဲ့အခါ ဖခင်အိုတစ်ယောက်ကြုံလာတဲ့ စိတ်ခံစားချက်အပြောင်းအလဲက ဘယ်လောက်ထိ နက်ရှိုင်းသွားသလဲဆိုတာကို The Father မှာ တွေ့ရမှာပါ။ ဒီကားမှာ အဓိက ဇာတ်ဆောင်က ဖအေအဖြစ် သရုပ်ဆောင်တဲ့ မင်းသားကြီး အန်တိုနီ ဟော့ပ်ကင်းစ်ပါပဲ။၉၇ မိနစ်ကြာပြီး ဇာတ်အိမ်နဲ့ ဇာတ်သွားကောင်းသလို သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ရုပ်ရှင်မှာ စီးမျောသွားမှာ အသေအချာပါပဲ။
(၄) A Quiet Place: Part II

Photo: Dhaka Tribune
ဒီနှစ်ထဲ ထွက်တဲ့ A Quiet Place ဒုတိယပိုင်းကို မကြိုက်တဲ့သူတွေလည်း အများကြီး ရှိပါတယ်။ အဓိကအချက်ကတော့ ပထမထွက်တဲ့ A Quiet Place ရဲ့ ဇာတ်အိမ်ထူးခြားမှု ၊ တင်ဆက်ပုံဆန်းသစ်ပြီး ဇာတ်လမ်းပါ ဇာတ်ကောင်တွေရဲ့ ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေက Part II မှာ ဩဇာလွှမ်းမိုးထားလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း A Quiet Place: Part II ဟာ လက်သည်းကိုက်ပြီး ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကားလို့တော့ ပြောနိုင်ပါတယ်။
(၅) The Suicide Squad

Photo: denofgeek
DC Fan တွေ မလွတ်တမ်းကြည့်ရမယ့် ရုပ်ရှင်သစ်တစ်ခုက The Suicide Squad (2021) ဖြစ်ပါတယ်။ ဟာလေကွင်း ၊ Peacemaker ၊ Bloodsport ၊ King Shark စတဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး စူပါဗီလိန်တွေကို အစိုးရက နည်းပညာမြင့်လက်နက်ဆန်းတွေနဲ့ ကမ္ဘာကို ဖျက်ဖို့ ကြံနေတဲ့ ရန်သူတွေရှိရာ ကော်တိုမတ်တဲဆီကျွန်းကို စေလွှတ်လိုက်တာပါ။ ၂၀၁၆ တုန်းက ထွက်တဲ့ Suicide Suqad ထက် ပိုကြမ်းတဲ့ကားလို့ပဲ ပြောချင်ပါတယ်။
Featured Photo: Dhaka Tribune
