ဖက်ရှင်အသုံးအဆောင် အမျိုးမျိုးရှိတဲ့အနက် ခါးပတ်ဖက်ရှင်ကလည်း အရေးပါ အရာရောက်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ ဝတ်ထားတဲ့ ခါးပတ်ကို အလဟဿမဖြစ်အောင် ရှပ်အင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်သင့်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ ခါးပတ်ဖက်ရှင်က ပေါ်လွင်နေမှာပဲဖြစ်ပါတယ်။

ခါးပတ်တွေကလည်း အမျိုးမျိုးအစားစားရှိတဲ့အတွက်ကြောင့် ကိုယ့်အဝတ်အစားနဲ့လိုက်ဖက်တဲ့ခါးပတ်ကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝတ်ထားတဲ့ အဝတ်အစား၊ ဖိနပ်တို့နဲ့ လိုက်ဖက်မှုမရှိတဲ့ ခါးပတ်ကို ဝတ်ဆင်မိမယ်ဆိုရင်တော့ သင် နောင်တအကြီးအကျယ်ရသွားပါလိမ့်မယ်။

ဘယ်လိုခါးပတ်အမျိုးအစားကို ဘယ်လိုအဝတ်အစားဒီဇိုင်းတွေနဲ့ တွဲဖက်ဝတ်ဆင်သင့်လဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

Causal သားရေခါးပတ်များ

ပေါ့ပေါ့ပါးပါးရှိတဲ့ သားရေခါးပတ်တွေကို ထသွားထလာအဝတ်အစားတွေနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ တီရှပ် (သို့) ရှပ်အင်္ကျီတွေနဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။ ခါးပတ်အရောင်ကိုတော့ အမဲရောင် ရွေးချယ်တာထက်စာရင် အညိုရောင် (သို့) ကိုယ်ဝတ်ထားတဲ့ ဘောင်းဘီအရောင်ထက် ရင့်တဲ့အရောင်ကို ရွေးချယ်ပေးပါ။

ဝတ်စုံပြည့်ဝတ်ဆင်တဲ့အခါ ပတ်ရမယ့် သားရေခါးပတ်

Formal ဆန်ဆန် ဝတ်ဆင်မယ်ဆိုရင်တော့ အမဲရောင်သားရေခါးပတ်က အကောင်းဆုံးပါပဲ။ အမြင်လည်း ရိုးရှင်းတာကြောင့် ဝတ်ဆင်ထားတဲ့သူကို စမတ်ကျစေမှာပဲဖြစ်ပါတယ်။

ရက်လုပ်ထားသော ခါးပတ်

အပေါက်တွေ၊ အကွက်တွေနဲ့ ရက်လုပ်ထားတဲ့ ခါးပတ်အထူတွေကိုတော့ ပိုလိုရှပ်အင်္ကျီတွေနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ ဒါမှမဟုတ် လီနင် Suit တွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီခါးပတ်အမျိုးအစားကတော့ နွေရာသီမှာ အဝတ်များကြပါတယ်။

ချည်ထည်ခါးပတ်

စောစောက အကွက်တွေနဲ့ရက်လုပ်ထားတဲ့ ခါးပတ်နဲ့ ဒီချည်ထည်ခါးပတ်တို့ရဲ့ ခြားနားချက်ကတော့ ချည်ထည်ခါးပတ်က ပိုပါးပြီး ပိုပေါ့ပါးပါတယ်။ ဒါ့အပြင် အရောင်ကလည်း တစ်ရောင်တည်းအမျိုးပဲ နှစ်ရောင်၊ သုံးရောင် စပ်ထားတာကြောင့် အင်္ကျီ ဘောင်းဘီရွေးချယ်တဲ့အခါ သေချာစဉ်းစားဖို့ လိုပါတယ်။

အညိုရင့်ရောင် ခါးပတ်

အညိုရင့်ရောင် ခါးပတ် ပတ်တဲ့အခါမှာတော့ ထွေထွေထူးထူးစဉ်းစားနေစရာမလိုဘဲ ဖိနပ်ကိုလည်း အညိုရောင်သာ ဝတ်ဆင်ပေးလိုက်ပါ။

အနက်ရောင် ခါးပတ်

တစ်ကိုယ်လည်းကို အမဲရောင်ဖက်ရှင်ဆင်မြန်းဝတ်ဆင်တာလောက် ဆွဲဆောင်မှုရှိတာ မရှိပါဘူး။ ခန္ဓာကိုယ် ဝတဲ့အမျိုးသားများအနေနဲ့ အမဲရောင်ဖက်ရှင်ဝတ်ဆင်မယ်ဆိုရင် ပိန်သယောင်ထင်ရစေပါတယ်။ ဒါ့အပြင် မျက်မှန်အနက်ရောင်ပါ တပ်လိုက်မယ်ဆိုရင်တော့ ညှို့ငင်အားအပြင်းဆုံးပုရိသတစ်ယောက်ဖြစ်နိုင်ပါတယ်။

စာဖတ်သူတို့ ရှောင်ကြဉ်သင့်တဲ့ အရေးကြီးဆုံးအချက်ကတော့ ဘယ်အဝတ်အစားပဲဝတ်ဝတ်၊ ဘယ်လိုပွဲမျိုးပဲ တက်တက်၊ ခါးပတ်တစ်ရောင်တည်း တစ်မျိုးတည်းဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ရပါမယ်။ အညိုရောင်၊ အနက်ရောင်၊ အပြာရောင်စသည်ဖြင့် အရောင်စုံအောင် ခါးပတ်အမျိုးအစားတွေလည်း စုံလင်အောင် စုဆောင်းသင့်ပါတယ်။ ဒါမှ ဖက်ရှင်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်မှာပါ။ အမျိုးအစားစုံအောင် ဝယ်ရမယ်ဆိုလို့ တစ်ခါတည်းနဲ့ အကုန်ဝယ်တာမျိုးမဟုတ်ဘဲ မိမိရဲ့ဘတ်ဂျက်အခြေအနေအလိုက် သုံးလတန်သည်၊ လေးလတန်သည် ဝယ်စုပေးရမှာပဲဖြစ်ပါတယ်။

Source: Fashionbeans.com