လူတိုင်းကတော့ ဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိချင်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ ထိုစိတ်တစ်ခုတည်း ရှိရုံနဲ့ အမှန်တကယ်ဖက်ရှင်ကျမှာမဟုတ်ပါဘူး။ သင့်ဘက်ကလည်း ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ ဖက်ရှင်ရေစီးကြောင်းကို လေ့လာဖို့အတွက် အချိန်ပေးရသလို အတိုင်းအတာတစ်ခုအထိလည်း ငွေကြေးသုံးစွဲဖို့ လိုအပ်ပါတယ်။

ငွေကြေး သုံးစွဲရမယ်ဆိုပြီးလည်း စိတ်မပျက်သွားပါနဲ့။ ဈေးကြီးတဲ့ အဝတ်အစားတွေ ဝယ်ဝတ်ခိုင်းတာမဟုတ်ပါဘူး။ မိမိသုံးစွဲချင်တဲ့ ငွေပမာဏကို အရင်စာရင်းပြုစု၊ ပြီးရင် ထိုငွေပမာဏအတိုင်း ဝယ်ယူသုံးစွဲဖို့ပါပဲ။ နို့မဟုတ်ရင် ပိုက်ဆံပဲ အလဟဿ ကုန်သွားပြီး ဖက်ရှင်က ပုံမလာတဲ့ဖက်ရှင်ပဲဖြစ်သွားပါလိမ့်မယ်။

ဒါဆိုရင် ပိုက်ဆံကိုလည်း စိစစ်ခြွေတာရာရောက်အောင် ဖက်ရှင်လည်းကျအောင် ဘယ်လိုလုပ်ရမလဲ။

ဖက်ရှင်အတွဲအစပ်ကို သဘောတရားနားလည်ရင် လုံလောက်ပါပြီ။

အပြာရင့်ရောင်နဲ့ မီးခိုးရောင်

အမျိုးသားတိုင်းမှာ ရှိသင့်တဲ့ ဘောင်းဘီတစ်ထည်ကတော့ အပြာရင့်ရောင်စတိုင်လ်ပန်တစ်ထည်ပါပဲ။ အင်္ကျီကိုတော့ ပုံထဲမှာလို သုံးထပ် ဝတ်စရာမလိုပါဘူး။ အရေးကြီးတဲ့ပွဲ တက်ရမယ်ဆိုရင်တော့ အကွက်ရှပ်တစ်ထည် (သို့) တီရှပ်တစ်ထည် ခံဝတ်ပြီး အပေါ်က မီးခိုးရောင်ကုတ်အင်္ကျီ ထပ်ဝတ်ပေးရုံနဲ့ အများအမြင်မှာ ထင်းခနဲပေါ်လွင်နေမှာပါ။

မီးခိုးရောင်နှင့် အမဲရောင်

အမဲရောင်ကတော့ ဘယ်အရောင်နဲ့မဆို လိုက်ဖက်တဲ့အရောင်ပဲဖြစ်ပါတယ်။ စောစောကလိုပဲ သူ့ကိုလည်း သုံး၊ လေးထပ် ထပ်ဝတ်စရာမလိုပါဘူး။ ဒီဖက်ရှင်ထဲမှာ ပါဝင်တဲ့ အခြေခံသဘောတရားကတော့ မီးခိုးရောင်၊ အမဲရောင်နဲ့ အဖြူရောင်အတွဲအစပ်ပဲဖြစ်ပါတယ်။

ရှူးဖိနပ်ကို လေ့လာကြည့်မယ်ဆိုရင်လည်း အရောင်ငြိမ်တာမျိုးကိုပဲ ရွေးချယ်ထားတာကို တွေ့ရမှာပါ။

အညိုရောင်နှင့် မီးခိုးရောင်

ဆံပင်ရှည်ရှည်နဲ့ မိမိုက်တဲ့ ကိုကြီးတွေအတွက် ကွက်တိပုံတူကူးလို့ရတဲ့ ဖက်ရှင်တစ်မျိုးပါ။ ဒီဖက်ရှင်ကတော့ ထသွားထလာအတွက်လည်း အဆင်ပြေသလို အရေးကြီးပွဲတက်တွေအတွက်လည်း ဘောင်ဝင်တဲ့ဖက်ရှင်ပဲဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုလောက်ဖြတ်ပြောချင်တာကတော့ ဘယ်ဖက်ရှင်မဆို အရောင်သုံးရောင်ထက် ပိုပြီး မဝတ်ဆင်ဖို့က အရေးကြီးပါတယ်။ ဒီမော်ဒယ် ဝတ်ထားတာကို ကြည့်မယ်ဆိုရင်လည်း သူ့ရဲ့ဖိနပ်ကြိုးကအစ ဘောင်းဘီအရောင်နဲ့ ဆင်တူတာကို တွေ့ရမှာပါ။

အဖြူရောင်ဖက်ရှင်

အသားမဲ သကြားခဲဘော်ဒါတွေအတွက် ဖက်ရှင်လေး လာပါပြီ။ အသားညို (သို့) အသားမဲသူများအနေနဲ့ ရှောင်သင့်တဲ့ ဖက်ရှင်ကတော့ အရောင်တောက်တောက်ဖက်ရှင်တွေပဲဖြစ်ပါတယ်။

အသစ်ချပ်ချွတ် ဖိနပ်ကို ထုတ်ကြွားချင်သူများအတွက်

ဘယ်ဖက်ရှင်မဆို အရောင်သုံးရောင်ထက် ပိုပြီးမဝတ်ဖို့ စောစောက ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ မရဘူး။ သုံးရောင်ထက် ပိုဝတ်ချင်တယ်။ ဒါမှမဟုတ် အသစ်ဝယ်ထားတဲ့ ဖိနပ်ကို မသိမသာလေး ထုတ်ကြွားချင်တယ်ဆိုရင်တော့ အခုလို ဝတ်လို့ရပါတယ်။

အင်္ကျီနဲ့ ဘောင်းဘီကို အသားမပေးဘဲ ဖိနပ်ကိုပဲ Highlight လုပ်ပါ။ နောက်တစ်ခုအကြံပေးချင်တာကတော့ အင်္ကျီအသစ်၊ ဘောင်းဘီအသစ်၊ ဖိနပ်အသစ်ကို တစ်ပြိုင်တည်း ချဝတ်လိုက်တာထက် အသစ်တစ်ခုချင်းစီကိုပဲ အသားပေးဝတ်မယ်ဆိုရင် ပိုဖက်ရှင်ကျတာကို တွေ့ရမှာပါ။

Source: Fashionbeans.com