စတိုင်လ်ကျချင်တဲ့ အမျိုးသားတိုင်းရဲ့ အဝတ်ဗီရိုမှာ နေကာမျက်မှန်ကောင်းကောင်းတစ်လက်တော့ ရှိဖို့လိုပါလိမ့်မယ်။ နေကာမျက်မှန်တွေဟာ ကွီးတို့ဆွဲဆောင်မှုပိုရှိစေတဲ့အပြင် စမတ်ကျတဲ့အသွင်ကိုဖော်ဆောင်ပေးနိုင်တဲ့ အသုံးဆောင်တစ်မျိုးလည်း ဖြစ်ပါတယ်။ အရေးကြီးဆုံး အချက်တစ်ခုက နေကာမျက်မှန်ရွေးချယ်တဲ့ ကိုယ့်မျက်နှာပုံစံနဲ့ ကိုက်ညီမှုရှိတဲ့ မျက်မှန်ဒီဇိုင်းကို သေချာလေးရွေးချယ်ဖို့ပါပဲ။ ဒီနေ့တော့ ကွီးတို့အနေနဲ့ ကိုယ့်မျက်နှာကျပေါ်မူတည်ပြီး ဘယ်လိုမျိုး နေကာမျက်မှန်တွေကို မှန်ကန်အောင်ရွေးချယ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ဘဲဥပုံ မျက်နှာပိုင်ရှင်

Oval Face Shape

Photo : HiConsumption

ကွီးက ဘဲဥပုံမျက်နှာကျကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကံကောင်းတယ်လို့ မှတ်ယူနိုင်ပါတယ်။ ဘဲဥပုံမျက်နှာပိုင်ရှင်တွေဟာ နေကာမျက် မှန် ဒီဇိုင်းအားလုံးလိုလိုနဲ့ လိုက်ဖက်မှုရှိလို့ပါပဲ။ မတူညီတဲ့နေကာမျက်မှန် ဒီဇိုင်းအမျိုးမျိုးပြောင်းလဲ ဝတ်ဆင်ဖို့အထူးသင့်လျော်ပြီး စွယ်စုံရတဲ့ မျက်နှာပိုင်ရှင်တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

(၂) လေးထောင့်ကျကျ မျက်နှာပိုင်ရှင်

Square Face Shape
Photo : MensXP

လေးထောင့်ခပ်ကျကျ မျက်နှာပိုင်ရှင်တွေအနေနဲ့တော့ အဝိုင်းပုံစံမျက်မှန်ဒီဇိုင်းတွေကို ရွေးချယ်သင့်ပါတယ်။ များသောအားဖြင့် လေးထောင့်ကျတဲ့ မျက်နှာပိုင်ရှင်တွေဟာ ရဲရင့်ပြီး မာကျောတဲ့ မျက်နှာအသွင်ကိုဖော်ဆောင်တဲ့အတွက် မျက်မှန်အဝိုင်းတပ်မယ်ဆိုရင်တော့ နူးညံ့တဲ့ မျက်နှာအသွင်အပြင်ကို ပြောင်းလဲရရှိစေမှာဖြစ်ပါတယ်။ သတိထားရမှာတစ်ခုက အရမ်းကြီးတဲ့ မျက်မှန်ဆိုဒ်ကိုရှောင်ပြီး အသေးစား/အလတ်စား ပုံမှန်မျက်မှန်ဆိုဒ်ကို ရွေးချယ်သင့်ပါတယ်။

(၃) ဝိုင်းဝန်းတဲ့ မျက်နှာပိုင်ရှင်

Round Face Shape

Photo : Rugged Standard

မျက်နှာကျက ခပ်ဝိုင်းဝိုင်းရှိတဲ့ သူတွေအတွက်တော့ လေးထောင့်ကျကျ မျက်မှန်ပုံစံတွေနဲ့ ကိုက်ညီမှုရှိပြီး မျက်နှာထက်အနည်းငယ်ပိုကြီးတဲ့ မျက်မှန်ဆိုဒ်ကို ရွေးချယ်သင့်ပါတယ်။ အကယ်၍ ကိုယ်ကလေးထောင်ကျကျ မျက်မှန်ဒီဇိုင်းတွေကို သိပ်မကြိုက်ဘူးဆိုရင် အပေါ်ပိုင်းပြန့်ပြူးပြီး အောက်ခြေမှာအနည်းငယ် အဝိုင်းဘက်ကိုသွားတဲ့ D-frame မျက်မှန် ဒီဇိုင်းတွေက အကောင်းဆုံး ရွေးချယ်စရာ မျက်မှန်ပုံစံပဲ ဖြစ်ပါတယ်။

(၄) တြိဂံပုံမျက်နှာပိုင်ရှင်

Triangle Face Shape

Photo : DMARGE

တြိဂံပုံမျက်နှာပိုင်ရှင်တွေကတော့ နဖူးကသိသိသာသာ ကျယ်ကားပြီး မျက်နှာအောက်ပိုင်းမေးရိုးက ချွန်သွားတဲ့အတွက် မျက်နှာအပေါ်ပိုင်းနဲ့ မေးစေ့ အချိုးအစားကို မျှတမှုရှိစေဖို့ လေးထောင့်မကျတကျနဲ့ ပိုမိုကျယ်ကားတဲ့ မျက်မှန်ပုံစံတွေကို ရွေးချယ်သင့်ပါတယ်။ အောက်ခြေပိုင်းကို အရမ်းရှုးပြီး သေးသွားတဲ့ မျက်မှန်ပုံစံမျိုးကိုတော့ ရှောင်ရမှာဖြစ်ပါတယ်။