တီရှပ်တွေကတော့ နေရာမရွေးဝတ်လို့ရတဲ့ အဝတ်အစားတစ်မျိုးပဲဖြစ်ပါတယ်။ အောက်ခံစွပ်ကျယ်အနေနဲ့လည်း ဝတ်လို့ရသလို၊ အားကစားသွားလုပ်ချင်သလား၊ ကမ်းခြေသွားချင်တာလား စသည်ဖြင့် ရှိုးထုတ်လို့ရတဲ့အပြင် မိမိဘာသာ အိမ်မှာ နေရင်းနဲ့ အိမ်နေဝတ်အဖြစ် ဝတ်ဆင်လို့ရပါသေးတယ်။

ဒီလိုဘက်စုံရှိုးထုတ်လို့ရတဲ့ အဝတ်အစားတစ်ခုကို မပိုင်ဆိုင်ထားဘူးဆိုရင်တော့ ပုရိသတို့အတွက် တကယ့်ကို နှမြောစရာပါပဲ။

အခြေခံအကျဆုံးအရောင်တွေက

တီရှပ်တွေ ထုတ်တဲ့အခါ အခြေခံအကျဆုံးအရောင်ကတော့ အမဲရောင်၊ အဖြူရောင်၊ မီးခိုးရောင်နဲ့ နေဗီပြာတို့ပဲဖြစ်ပါတယ်။ အခြေခံအကျအရောင်ဆိုပြီး အထင်တော့မသေးလိုက်ပါနဲ့။ ဒီရိုးရှင်းတဲ့အရောင်တွေကပဲ သင့်ရဲ့ဖက်ရှင်ကို စတိုင်လ်အကျဆုံးဖြစ်သွားစေတာပါ။ အခြေခံအရောင်နဲ့ ထုတ်လုပ်ထားတဲ့တီရှပ်တွေနဲ့ Jeans ဘောင်းဘီနဲ့ပဲတွဲဝတ်မလား၊ စတိုင်လ်ဘောင်းဘီနဲ့ပဲတွဲဝတ်ချင်တာလား၊ ဒါမှမဟုတ် ချီနိုဘောင်းဘီနဲ့ ဝတ်မလား။ ဘယ်ဘောင်းဘီနဲ့မဆို လိုက်ဖက်ပါတယ်။

နောက်ထပ် သတိထားရမယ့်တစ်ချက်က တီရှပ်အင်္ကျီလက်ကို ခေါက်ချင်တယ်ဆိုရင် အရမ်းတိုအောင် မခေါက်မိစေဖို့ပါပဲ။ တချို့လက်မောင်းကြွက်သားကြီးတဲ့ကွီးတွေက ဗလကြွားချင်ဇောနဲ့ အင်္ကျီလက်ကို ခေါက်ပစ်လိုက်တာ စွပ်ကျယ်လက်ပြတ်ပုံစံပေါက်သွားတော့တာပါပဲ။ ဗလတောင့်ကြောင်း ပြသချင်တယ်ဆို အင်္ကျီလက်ကို နှစ်ချက်လောက်ခေါက်တင်ရုံနဲ့ လုံလောက်ပါပြီ။

ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်မှုရှိအောင် ဘယ်လိုဝတ်ဆင်ကြမလဲ

တီရှပ်အရောင်တွေက အမဲရောင်၊ အဖြူရောင်၊ မီးခိုးရောင်နဲ့ နေဗီပြာအပြင် အခြားအရောင်စုံတီရှပ်အမျိုးအစားတွေလည်း ရှိပါသေးတယ်။ ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်မယ့်အရောင်ကို ရွေးချယ်ဝတ်ဆင်တတ်ဖို့လည်း လိုသေးတယ်နော်။ အသားမဲတဲ့သူတွေက အညိုရောင်နဲ့ အနက်ဘက်သွားတဲ့ဖက်ရှင်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ အသားမဖြူ မညိုဘဲ အသားလတ်တဲ့သူတွေကတော့ အရောင်မျိုးစုံနဲ့ လိုက်ဖက်ပေမယ့်လို့ လိမ္မော်ရောင်ကိုတော့ မဝတ်သင့်ပါဘူး။ အသားဖြူတဲ့သူတွေကျပြန်တော့ ဖြူဖျော့ဖျော့အင်္ကျီအရောင်တွေထက် အရောင်ရင့်တဲ့တီရှပ်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

တီရှပ်လည်ပင်းပုံစံရွေးချယ်တဲ့အခါ

ခန္ဓာကိုယ်အပေါ်ပိုင်းသေးပြီး ရင်အုပ်ကြွက်သားမရှိတဲ့သူတွေကတော့ လည်ပင်းအဝိုင်းအင်္ကျီတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ လည်ပင်းအဝိုင်းအင်္ကျီတွေက ခန္ဓာကိုယ်ကို ပိုကြီးသွားသယောင်ထင်ရပါတယ်။ ဗွီပုံစံလည်ပင်းပေါက်တွေကိုတော့ အရပ်ပုတဲ့သူတွေ အနည်းငယ်ဝတဲ့သူတွေ ရွေးချယ်ဝတ်ဆင်မယ်ဆို ပိုပြီးသေးသွယ်သွားသလို ထင်ရစေပါတယ်။

Source: Fashionbeans.com