ခန္ဓာကိုယ်က ချွေးနံ့ဆိုးတွေထွက်ခြင်းဟာ တကယ့်ကို စိတ်ရှုပ်စရာ အကြောင်းအရာတစ်ခုပါ။ လူကြားထဲသွားလာနေရတဲ့ သူတွေအဖို့ ချွေးနံ့ဆိုးတွေထွက်နေမယ်ဆိုရင် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုမရှိဖြစ်ကာ လူများများရှိတဲ့နေရာတွေ သွားရမှာကြောက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ချွေးနံ့ဆိုးတွေထွက်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် ကုသနိုင်မယ့် သဘာဝနည်းလမ်းကောင်းလေးတွေ မျှဝေပေးသွားမှာဖြစ်ပါတယ်။

(၁) ကျောက်ချဉ်

Source : Sabbath Mood Homeschool

ချွေးနံ့တွေကို အကောင်းဆုံးသက်သာစေမယ့် နည်းလမ်းလေး တစ်ခုကတော့ ကျောက်ချဉ်ဖြစ်ပါတယ်။ ကျောက်ချဉ်ကိုသွေးပြီး ချွေးနံ့အများဆုံးထွက်စေတဲ့ ချိုင်းလိုနေရာတွေမှာ လိမ်းပေးရင် သိသိသာသာ ချွေးနံပျောက်ကင်းစေမှာဖြစ်ပါတယ်။

(၂) မုန့်ဖုတ်ဆိုဒါ

Source : Healthline

မုန့်ဖုတ်ဆိုဒါကတော့ အနံ့အသက်ဆိုးတွေကို ကာကွယ်ပေးနိုင်တဲ့နေရာမှာ ဆရာတစ်ဆူပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ ဘက်တီးရီးယားတွေကို သေစေတဲ့အပြင် ချွေးနံ့ဆိုးတွေ ထွက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အသုံးပြုနည်းကတော့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းတစ်ဇွန်းစာကို သံပုရာရည် အနည်းငယ်နဲ့ သမအောင်မွှေပြီး ချိုင်းမှာလိမ်းပေးရမှာဖြစ်ပါတယ်။

(၃) ပန်းသီးရှာလကာရည်

Source : boulderlocavore.com

ချွေးနံ့ဆိုးတွေထွက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံး သဘာဝပစ္စည်းတစ်ခုကတော့ ပန်းသီးရှာလကာရည်ပါ။ ပန်းသီး ရှာလကာရည် အနည်းငယ်ကို ရေနဲ့အသင့်အတင့်ရောစပ်ပြီး ချိုင်းမှာလိမ်းလို့ရတဲ့ ချွေးနံ့ပျောက်ဆေးအဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

(၄) ရေ

Source : Wholefully

အခုလိုချွေးထွက်များတဲ့ရာသီမှာ ခန္ဓာကိုယ်အတွက် ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ ရေများများသောက်ပေးဖို့လိုပါတယ်။ သောက်မယ့်ရေထဲကို သံပရာသီးတစ်စိတ်ခန့် ညှစ်သောက်ပေးပါက ပိုပြီး ထိရောက်မှုရှိမှာဖြစ်ပါတယ်။ ရေနဲ့သံပရာသီးဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုဖယ်ရှားပေးတဲ့အပြင် ချွေးနံ့ဆိုးတွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

(၅) တစ်ကိုယ်ရည်သန့်ရှင်းမှု

Source : Executive Style

ချွေးနံ့ဆိုးတွေရဲ့ အဓိကတရားခံဟာလည်း တစ်ကိုယ်ရည် သန့်ရှင်းမှုနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ ချွေးထွက်များတဲ့သူတွေအနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ပိုပြီး ဂရုစိုက်သင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်ပုံမှန်ရေချိုးခြင်း၊ သန့်ရှင်းပြီးအနံ့အသက်ကင်းစင်တဲ့ အဝတ်အထည်များ ဝတ်ခြင်း စသည်ဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ရမှာဖြစ်ပါတယ်။