သင်္ကြန်ကျလို့ ပျော်ရပေမယ့် ပူပြင်းတဲ့နွေရာသီမှာ သင်္ကြန်ပွဲတော်ကိုဖြတ်သန်းရတာတော့ ပျော်စရာသိပ်မကောင်းပါဘူး။ နေကပူ ရေကစိုနဲ့ တစ်နှစ်တာလုံးထိန်းသိမ်းလာတဲ့ ကိုယ့်ရဲ့ အသားအရေလေးကတော့ ပျက်စီးမှာအသေချာပါပဲ။

ဒါကြောင့် သင်္ကြန်မှာ ကောင်းကောင်းပျော်ပြီးသွားတဲ့သူတွေအတွက် ကိုယ်ရဲ့ အသားအရေလေးကိုလည်း နဂိုအတိုင်းလှပနေစေမယ့် အသားအရေထိန်းသိမ်းခြင်း နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Sun Cream လိမ်းပါ

Source : istockphoto.com

နေလောင်ကာခရင်မ် စလိမ်းတဲ့အချိန်ကနေ (၃) နာရီကြာတိုင်း နောက်တစ်ကြိမ် ထပ်မံလိမ်းပေးမယ်မယ်ဆိုရင် နေဒဏ်ရေဒဏ်ကြောင့် ဖြစ်ပေါ်လာမယ့်အသား အရေပျက်စီးမှုကို အတန်အသင့်ကာကွယ်ပေးပါလိမ့်မယ်။

(၂) Body Scrub သုံးပါ

Source : Kalola Spa

တစ်နေ့ကုန်နေပူပူနဲ့ ရေတွေကြားမှာပျော်ခဲ့ပြီးနောက် အိမ်ပြန်ရောက်တဲ့အခါ အသားအရေကိုပြန်လည် ကြေးချွတ်သန့်စင်ပေးဖို့လိုပါတယ်။ ဒါကြောင့်ရေမချိုးခင် (၁၅) မိနစ်လောက်အလိုမှာ အသားအရေကြေးချွတ်ဆေး( Body Scrub) လိမ်းထားရပါမယ်။ ၁၅မိနစ်ပြည့်တဲ့အခါမှာတော့ ပုံမှန်အတိုင်းရေချိုးလိုက်လို့ရပါပြီ။ တစ်နေကုန်ဖုန်တွေသဲတွေနဲ့ မသန့်စင်တဲ့ရေတွေ ထိတွေ့ခဲ့ရတဲ့ ကိုယ့်ရဲ့ အသားအရေလေးအတွက် ရေဝဝချိုးပေးဖို့တော့ လိုပါမယ်နော်။

(၃) မျက်နှာပေါင်းတင်ပါ

Source : D’Marge

အသားအရေပျက်စီးမှု ဖြစ်စေတဲ့အဓိကနေရာက မျက်နှာလို့ပြောရင်မမှားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နေဒဏ်၊ ရေဒဏ် ၊ လေဒဏ်တွေက မျက်နှာပေါ်ကိုပဲ တိုက်ရိုက်ထိတွေ့စေတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် သင်္ကြန်လည်ပြီး ပြန်လာတဲ့အခါ မျက်နှာပေါ်ကဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေ ပြန်လည်စိုပြေလာစေမယ့် သဘာဝမျက်နှာပေါင်းတင်နည်းလေးတွေကို အသုံးပြုသင့်ပါတယ်။ မျက်နှာအသားအရေကို အေးမျှလန်းဆန်းစေမယ့် သခွားသီး၊ ခရမ်းချဉ်သီး ၊ ရှားစောင်းလက်ပတ်လို သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်ပေးရင်အကောင်းဆုံးပါပဲ။

(၄) Moisturising ခရင်မ်လိမ်းပါ

Source : perfectfitmagazine.com

ခရမ်းလွန်ရောင်ခြည်ဒဏ်နဲ့ တစ်နေ့ကုန်နီးပါး ထိတွေ့လာရတဲ့ အတွက် အသားအရေအတွက် အစိုဓာတ်ပြန်လည်တင်းဖို့လိုပါတယ်။ နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့အသား အရေ မညီမညာဖြစ်မှုတွေ၊ အမဲကွက်တွေအတွက် ပြန်လည်ကုစားပေးနိုင်ဖို့  အဟာရပြည့်ဝတဲ့ အစိုဓာတ်ထိန်းခရင်မ်လိမ်းပြီး အိပ်လိုက်မယ်ဆိုရင် နောက်နေ့မှာ အသားအရေကြည်ကြည်လင်လင် ကျန်တဲ့သင်္ကြန်ရက်တွေဆက်ကဲဖို့ အိုကေဖြစ်နေမှာပါ။

(၅) သနပ်ခါးလိမ်းပါ

Source : Manda Naturals

မြန်မာရိုးရာသနပ်ခါးဟာလည်း နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမဲကွက်တွေကိုကောင်းစွာ ကုစားပေးနိုင်ပြီး အသားအရေကိုအေးမြစေပါတယ်။ သင်္ကြန်လည်ပြီး အိမ်ပြန်ရောက်တဲ့အခါ သနပ်ခါး ရည်ကျဲလေး လိမ်းပြီး ချည်သားအင်္ကျီ ခပ်ပွပွလေးတွေနဲ့ သက်တောင့်သက် သာနေရပါမယ်။ ဖြစ်နိုင်ရင်တော့ ခြေထောက်တွေရောလက်တွေပါ သနပ်ခါးရည်ကျဲလေး လိမ်းပေးရင်ပိုကောင်းပါတယ်နော်။