သပ်သပ်ရပ်ရပ်ဝတ်စားတတ်တဲ့သူရဲ့ ဖက်ရှင်က လူပုံအလယ်မှာအမြဲတမ်းပေါ်လွင်ထင်ရှားစမြဲပါပဲ။ စတိုင်လ်ကျဖို့ဆိုပြီး ဈေးကြီးပေးရတဲ့ အဝတ်အစားတွေကို ဝယ်ဝတ်ပေမယ့်လည်း သူ့နေရာနဲ့သူ မဝတ်စားတတ်ရင်တော့ ပိုက်ဆံကုန်တာပဲ အဖတ်တင်နေပါလိမ့်မယ်။

အဝတ်အစား အသုံးအဆောင်တွေဆိုတာ ဈေးချိုသာပြီး ဝတ်ရတာသက်သောင့်သက်သာဖြစ်တာနဲ့တင် ဝယ်ပျော်ပါတယ်။ အဝတ်အစားတစ်ခုတည်းအတွက်နဲ့ ပိုက်ဆံတွေဖြုန်းပစ်လို့ မရပါဘူး။ ပိုက်ဆံစုသင့်ရင် စု၊ သုံးသင့်တဲ့နေရာမှာသာ သုံးသင့်ပါတယ်။ လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။

အပိုပိုက်ဆံလည်း မကုန်ရအောင် သူ့နေရာနဲ့သူ ဝတ်စားတတ်ပြီး ဖက်ရှင်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

လည်ပင်းပိတ် အင်္ကျီလက်ရှည်လေးများ

Source: Fashionbeans.com

ရာသီဥတုက တဖြည်းဖြည်းပူလောင်အိုက်စပ်လာတာကို ဘယ်လိုလုပ်အင်္ကျီလက်ရှည်ဝတ်နိုင်မှာလဲလို့ စာဖတ်သူတို့ သံသယဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ စာဖတ်သူ ကွီးတို့ဆီမှာ အင်္ကျီလက်ရှည်တစ်ထည်ကလည်း မဖြစ်မနေ ပိုင်ဆိုင်ထားသင့်ပါတယ်။ လက်ရှည်အထူကြီး မဟုတ်ဘဲ အပါးစလေးသာ ဝယ်ထားပါ။ ဒါဆိုရင် နေပူထဲထွက်ရလို့ ထီးမပါတဲ့အခါ အသားအရေကို တစ်ခါတည်းကာကွယ်ပြီးသားဖြစ်ပါတယ်။ သတိထားရမယ့်တစ်ချက်ကတော့ အရောင်ရင့်အင်္ကျီ၊ အမဲရောင်စတဲ့ အပူစုပ်တဲ့အင်္ကျီတွေ မဝယ်ပါနဲ့။ လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီအသားမျိုး၊ အရောင်နုအင်္ကျီလေးတွေ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

လျှာထိုးဦးထုပ်

Source: Lids.ca

နေပူထဲထွက်တဲ့အခါ အင်္ကျီလက်ရှည်တော့ ဝတ်ထားပါရဲ့။ ဦးထုပ်မပါ၊ ထီးမပါဆိုရင် မျက်နှာတစ်ခုတည်း ကွက်မဲသွားပါလိမ့်မယ်။ ဒါ့ကြောင့် လျှာထိုးဦးထုပ်တစ်လုံးကလည်း မရှိမဖြစ်ဝယ်ထားသင့်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

ဖက်ရှင်ကျစေမယ့် ထီးတစ်ချောင်း

Source: Aliexpress.com

“ ငါက ယောကျာ်းလေးပဲ၊ နေပူမှာကြောက်ပြီး ထီးကြီးတကားကားနဲ့ နုနေလို့ဖြစ်မလား ” လို့ မတွေးလိုက်ပါနဲ့။ ခရမ်းလွန်ရောင်ခြည်က ယောကျာ်း၊ မိန်းမခွဲခြားနေမှာမဟုတ်ဘဲ အရေပြားကင်ဆာခံစားရအောင် ဒုက္ခပေးနိုင်ပါတယ်။ ဒါ့ကြောင့် အပြင်ထွက်တဲ့အခါမှာလည်း ထီးတစ်ချောင်းကတော့ မဖြစ်မနေလိုအပ်ပါတယ်။ နွေရာသီလည်း ရောက်တော့မှာဆိုတော့ အပူဒဏ်ကို ကိုယ်တိုင်ကာကွယ်ရပါမယ်။

Sneaker ဖိနပ်လေးတွေ

Source: Businessinsider.com

စာဖတ်သူတွေထဲမှာ ရှိုးပွဲသွားရတာ ကြိုက်နှစ်သက်တဲ့သူ၊ EDM ပွဲတွေမှာ ကဲရတာ ကြိုက်တဲ့သူတွေလည်း ပါမှာပါပဲ။ အဲ့လိုပျော်ပွဲရွှင်ပွဲတွေသွားတဲ့အခါ ပုဆိုးနဲ့ ကတ္တီပါဖိနပ်တွဲဝတ်လို့ အဆင်မပြေပါဘူး။ သူ့နေရာနဲ့လိုက်ဖက်နဲ့ ဖက်ရှင်စတိုင်လ်ကလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ပေါ့ပါးတဲ့ဖက်ရှင်စတိုင်လ်ကို နှစ်သက်ခုံမင်တဲ့ စာဖတ်သူတို့အတွက် Sneaker ဖိနပ်တစ်ရံကလည်း လိုအပ်ပါတယ်။ Sneaker ဖိနပ်ဝယ်တဲ့အခါမှာလည်း အရိုးရှင်းဆုံးက စတိုင်လ်အကျဆုံးပါပဲ။ အရောင်နှစ်ရောင်ထက် ပိုတဲ့ Sneaker ဖိနပ်မျိုး ဝယ်ယူခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။