ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေထဲမှာ ဘယ်တော့မှရိုးမသွား၊ ဒိတ်အောက်မသွားမယ့်ဖက်ရှင်ကတော့ ဂျင်းဘောင်းဘီဖက်ရှင်ပဲဖြစ်ပါတယ်။ ဂျင်းဘောင်းဘီက ဝတ်ရတာပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာရှိတဲ့အပြင် စတိုင်လ်လည်းကျပါတယ်။ ဂျင်းဘောင်းဘီအမျိုးအစားထဲမှာမှ နောက်ထပ်ခေတ်စားလာတဲ့တစ်မျိုးကတော့ ဂျင်းဘောင်းဘီအပြဲဒီဇိုင်းပဲဖြစ်ပါတယ်။ ထိုဒီဇိုင်းခေတ်စားလာခဲ့တာ အခုဆိုရင် ဆယ်စုနှစ်တစ်စုစာလောက်ရှိနေပြီဖြစ်ပါတယ်။

ဂျင်းဘောင်းဘီဝတ်တဲ့အခါမှာလည်း အရိုးရှင်းဆုံးက စတိုင်လ်အကျဆုံးဖြစ်တာကြောင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေ အများကြီးမဝတ်ဆင်ဘဲ ခါးပတ်လေးတစ်ခုပတ်လိုက်ရုံနဲ့တင် လုံလောက်သွားပြီပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဂျင်းဘောင်းဘီကို စတိုင်လ်ကျအောင် ဘယ်လိုဝတ်စားသင့်လဲဆိုတာကို ဖက်ရှင်ချစ်သူကွီးတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

မိုးကာသားဂျက်ကတ်နဲ့ တွဲဝတ်ပါ။

မိန်းကလေးတွေကြားမှာသာမက ပုရိသတို့ဆီမှာလည်း ရေပန်းစားတဲ့ ဂျင်းဘောင်းဘီအပြဲတွေကို အထာကျကျဝတ်ဆင်ချင်တယ်ဆိုရင် နည်းနည်းတော့ အအိုက်ခံရမှာပေါ့နော်။ ဒါပေမဲ့ မိုးကားသားဂျက်ကတ်က သားရေဂျက်ကတ်လိုမျိုး အရမ်းပူအိုက်မှာမဟုတ်လို့ ဝတ်ပျော်ပါလိမ့်မယ်။ တစ်ကိုယ်လုံးအထာကျပြီးကာမှ ဖိနပ်ကို ရိုးရိုးညှပ်ဖိနပ်စီးမယ်ဆိုရင်တော့ ဂွမ်းသွားမှာပေါ့။ ဒါ့ကြောင့် အဖြူရောင် Sneaker ဖိနပ်လေးနဲ့တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ပူအိုက်တဲ့အချိန်မှာ အင်္ကျီလက်ခေါက်တင်ထားလို့လည်းရသလို၊ ချွတ်ထားချင်တယ်ဆိုရင်တော့ အောက်ကအင်္ကျီတစ်ထပ်ကို သေချာရွေးချယ်ဖို့လည်း မမေ့နဲ့ဦးနော်။

ရှပ်အင်္ကျီနဲ့ ဝတ်မယ်။

နောက်ထပ်စတိုင်လ်ကျအောင် ဝတ်လို့ရတဲ့နည်းလမ်းလေးကတော့ အင်္ကျီကို နှစ်ထပ်၊ သုံးထပ်တွေ ဝတ်မနေတော့ဘဲ ရိုးရိုးရှပ်အင်္ကျီတစ်ထည်နဲ့သာ တွဲဝတ်လိုက်ပါ။ အရိုးရှင်းဆုံးက စတိုင်လ်အကျဆုံးဆိုတာ မမေ့ပါနဲ့။

ခေါင်းစွပ်အင်္ကျီလေးတွေနဲ့ တွဲဝတ်မယ်။

ဒီစတိုင်လ်လေးကတော့ စာဖတ်သူတို့ ဆယ်ကျော်သက်တုန်းက ဝတ်ဆင်ခဲ့ကြဖူးမှာပါ။ ဆယ်ကျော်သက်အရွယ်ဆိုတော့ တစွတ်ထိုးဆန်ပြီး နည်းနည်းဂျစ်ကန်ကန်နဲ့ ပြန်မပြောနားမထောင်ပုံစံလေးပေါ့။ ဒီလိုစတိုင်လ်မျိုးဝတ်ဆင်မယ်ဆိုရင်တော့ ဘောင်းဘီကို အပွမဝတ်ဘဲ မပွမကျပ် အနေတော်ဘောင်းဘီလေးတွေပဲ ရွေးချယ်ပါ။

တီရှပ်နဲ့ တွဲဝတ်ပါ။

တီရှပ်ကိုမှ အဖြူရောင်တီရှပ်နဲ့တွဲဝတ်မယ်ဆိုရင်တော့ သင့်လောက်စတိုင်လ်ကျတဲ့သူ ကမ္ဘာပေါ်မှာရှိမှာမဟုတ်တော့ပါဘူး။

အင်္ကျီအကွက် (သို့) အစင်းကျားအင်္ကျီနဲ့ တွဲဝတ်မယ်။

စောစောကဝတ်ထားတဲ့ တီရှပ်အဖြူပေါ်မှာ အစင်းကျား (သို့) အကွက်အင်္ကျီလေးတွေ တွဲဝတ်မယ်ဆိုရင်လည်း ပြီးပြည့်စုံတဲ့ဖက်ရှင်စတိုင်လ်ကို ရရှိနိုင်ပါတယ်။

ဆွယ်တာအင်္ကျီလက်ရှည်နဲ့ တွဲဝတ်ပါ။

ဂျင်းဘောင်းဘီအပြဲကို ဆွယ်တာအပါးစ အင်္ကျီလက်ရှည်နဲ့တွဲဝတ်မယ်ဆိုရင်လည်း စတိုင်လ်ကျနေဦးမှာပါပဲ။

အခုဖော်ပြသွားတဲ့ နည်းလမ်းတွေကို စတိုင်လ်တစ်မျိုးတည်းပုံသေ မဝတ်ဘဲ၊ အလှည့်အပြောင်းဝတ်ပေးမယ်ဆိုရင်တော့ သင့်ရဲ့စတိုင်လ်ကအမြဲတမ်းသစ်လွင်နေမှာပဲဖြစ်ပါတယ်။

Source: Fashionbeans.com