လူမှန်ရင်အချစ်နဲ့ မကင်းတတ်ကြသလို အချစ်နဲ့ပတ်သက်လာရင်လည်း ခါးသည်၊ ချိုသည်အမျိုးမျိုးအဖုံဖုံ ပုံဖော်တတ်ကြပါတယ်။ လက်တွေ့ဘဝကအချစ်ကို ခါးတယ်ဆိုတဲ့ FA ဂုရုကြီးများကိုပါ အချစ်ကိုမြည်းစမ်းချင်စိတ်တွေ တဖွားဖွားဖြစ်လာစေမယ့် အရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ပြောင်မြောက်လှတဲ့အနုပညာလက်ရာ၊ ဆွဲဆောင်လွန်းတဲ့ဇာတ်ကွက်များနဲ့ သိမ်မွေ့နက်နဲတဲ့အချစ်ကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်စိတ်ကူးယဥ်ကမ္ဘာလေးထဲမှာ အချစ်ကိုထိတွေ့ခံစားနိုင်စေဖို့ လက်မလွတ်တမ်းကြည့်သင့်တဲ့ အချစ်ဇာတ်ကားလေးတွေကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။

(၁) The Guernsey Literary & Potato Peel Pie Society (2018)

Source : Netflix

ကားနာမည်တင်ဆန်းတာမဟုတ်ပဲ ဒုတိယကမ္ဘာစစ်ကာလကို နောက်ခံထားပြီး သုံးပွင့်ဆိုင်အချစ်ကို ရသစုံစွာ ဇာတ်လမ်းဇာတ်ကွက်ဆန်းဆန်းများနဲ့ ခံစားရစေမယ့် ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ ဇာတ်ကားအမည်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တွေကြီးစိုးနေတဲ့ Guernseyဆိုတဲ့ မြို့တစ်မြို့မှာ ညမထွက်ရအမိန့်ကို ချိုးဖျက်လိုက်တဲ့အဖွဲ့ တစ်ခုကိုအခြေခံကာ ပေးထားတာဖြစ်ပါတယ်။ ၁၉၄၆ မှာတော့ စာရေးဆရာမJuliet ဟာ ထိုမြို့ရဲ့လူနေမှုဘဝကို လေ့လာချင်သူဖြစ်ပြီး ပျောက်ဆုံးနေသော တွဲဖက် Elizabeth ကိုပါလိုက်လံရှာဖွေနေသူတစ်ဦးပါ။

အဆိုပါခရီးစဥ်အတွင်းမှာပဲ Guernsey မြို့ခံ Adams အပေါ် စိတ်ခံစားချက် ယိမ်းယိုင်လာသော်လည်း လက်ထပ်ခွင့်တောင်းထားသော ချစ်သူ Mark ကလည်းရှိနေလေတော့ Juliet တစ်ယောက်သူမသိချင်တာတွေကို ပြည့်စုံစွာသိလိုက်ရမလား၊ Adams နဲ့ Mark ကြားမှာဘယ်သူ့ကိုရွေးချယ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူခံစားရမှာပါ။

(၂) Five Feet Apart (2019)

Source : Movieclips Trailers

ဆေးရုံတစ်ခုမှာ Stella ဆိုတဲ့ကောင်မလေးဟာ Cystic fibrosis လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုကိုခံစားနေရပြီး သူမရဲ့နေ့စဥ်ဘဝကို ဆေးသောက်ချိန်၊အိပ်ချိန်၊ စားချိန်မှန်ဖို့ဆိုတဲ့ စည်းမျဥ်းတွေနဲ့ပဲ လုံးပန်းနေတတ်သူပါ။ သူ့လိုရောဂါမျိုးပဲ ခံစားနေရတဲ့ Will ဆိုတဲ့ ပျော်ပျော်နေတတ်ပြီး စည်းဘောင်အပြင်ဘက်မှာပဲနေချင်တဲ့ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်နဲ့သူမတွေ့ခင်အထိပေါ့။

Will နဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ Stella တစ်ယောက် ဘဝရဲ့အနှစ်သာရကို သိချင်လာပြီး စည်းမျဥ်းတွေအပြင်ဘက်က ဘဝကို Willနဲ့ တူတူစမ်းသပ်ချင်လာပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ရောဂါအခြေနေအရ ငါးပေအကွာမှာပဲနေရမယ်ဆိုတဲ့ စည်းမျဥ်းကြီးက ဟန့်တားနေခဲ့ပါတယ်။ Stellaနဲ့ Will ရဲ့အချစ်က ငါးပေကွာစည်းမျဥ်းအောက်မှာပဲ ကျရှုံးသွားမှာလား၊ နှစ်ယောက်အတူတူလောကကြီးကို စည်းဘောင်အပြင်ဘက်ကနေခံစားနိုင်မှာလားဆိုတာ Five Feet Apart ဇာတ်ကားလေးမှာ ကြည့်ရှူခံစားလိုက်ပါခင်ဗျာ။

(၃) Marriage story (2019)

Source : Netflix

2020 Golden Globes တွင် ဖော်ပြခြင်းခံခဲ့ရတဲ့အပြင် The Squid and the Whale, Frances Ha,နဲ့ The Meyerowitz Stories ကဲ့သို့ ပြောင်မြောက်လှတဲ့ ဇာတ်ကားကောင်းများကိုဖန်တီးခဲ့တဲ့ Director Noah Baumbach ရဲ့ အပြောင်မြောက်ဆုံးအနုပညာလက်ရာတစ်ခုဖြစ်ပါတယ်။ အချစ်နဲ့အိမ်ထောင်ရေးဆိုတဲ့ ဝေါဟာရနှစ်ခုကြားက ဘဝရဲ့အခက်အခဲများကို ပညာသားပါပါ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ အဖြေရှာတွေ့စေမယ့် မိသားစုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

Scarlett Johanssonနဲ့ Adam Driverက တစ်ဦးကိုတစ်ဦး အရမ်းချစ်တဲ့စုံတွဲတွေအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ အချစ်တစ်ခုထဲနဲ့ အိမ်ထောင်တစ်ခုအဖြစ် တည်တံ့ခိုင်မြဲအောင်လုပ်နိုင်မလား၊ ဘယ်အရာတွေကသူတို့ကိုခက်ခဲစေမှာလဲ၊ သူတို့နှစ်ဦးဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကို ရသတစ်ခုအဖြစ်သာမက ဘဝရဲ့သင်ခန်းစာအဖြစ်ပါ ကြည့်ရှူရမယ့်ကားမို့ Highly-recommended ပါပဲ။

(၄) Always be My Maybe (2019)

Source : Netflix

ဒီဇာတ်လမ်းလေးမှာတော့ ဆယ်ကျော်သက်အရွယ်မှာ ဝေးကွာသွားကြတဲ့ Sarsha နဲ့ Marcus ဆိုတဲ့ Bffနှစ်ယောက်နဲ့ ကမ္ဘာကျော်မင်းသားကြီး Keanu Reevesရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို အချစ်ဟာသဆန်ဆန် ခံစားရမှာဖြစ်ပါတယ်။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ Keanu Reevesက “ငယ်ကချစ်အနှစ်တစ်ရာ”ဆိုသလို ငယ်သံယောဇဥ်နဲ့ရစ်နွယ်နေတဲ့ Bff နှစ်ယောက်ကြားမှာ Sarsha ရဲ့ချစ်သူအသစ်အဖြစ် မြင်နေကြပုံစံမဟုတ်တဲ့ဇာတ်ရုပ်တစ်ခုအဖြစ် ပါဝင်ထားလို့ စိတ်လှုပ်ရှားမှုအပြည့်ရစေမှာတော့ အသေချာပါပဲ။

Sarsha တစ်ယောက်ငယ်ကျွမ်းဆွေနဲ့ အချစ်သစ်ကြား ဘယ်လိုဗျာများနေရမယ်၊ အချစ်ဦးနဲ့အချစ်ဆုံးကြားမှာ အောင်နိုင်သူဘယ်သူများဖြစ်မလဲဆိုတာ Always be My Maybe ဇာတ်ကားလေးမှာ ခံစားကြည့်ရှုလိုက်တော့နော်။

Featured Photo : Netflix