Hip Hop သီချင်းတွေ နားထောင်ရတာ ဂီတတင် နားဆင်ရတာမျိုး မဟုတ်ဘဲ နောက်ဆုံးထွက် ဖက်ရှင် ၊ အလန်းဆုံး ကားနဲ့ အမိုက်စား ဆက်တင်တွေပါ ကြည့်ရှုခံစားရတာမျိုး ဖြစ်ပါတယ်။ Hype Beast ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ Hip Hop ဂီတဟာ ၂၀၂၀ အတွက် လူကြိုက်အများဆုံးဂီတအမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေက စတင် ပေါ်ပေါက်လာခဲ့တဲ့ Hip Hop Music သမိုင်းဟာ ဒီနေ့အထိ အားကောင်းမောင်းသန် ရှေ့ဆက်နေဆဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ ၂၀၁၀ ကနေ ၂၀၂၀ အတွင်း ဆယ်နှစ်တာ ထွက်ခဲ့တဲ့ Hip Hop အယ်လ်ဘမ်တွေထဲက ရောင်းအားအကောင်းဆုံး Best Selling Albums တွေအကြောင်း ပြောပြပေးချင်ပါတယ်။
2010: Eminem, ‘Recovery’
Photo: Capita XTRA
အမ်မီနမ်ရဲ့ သတ္တမမြောက် အယ်လ်ဘမ် Recovery ခွေဟာ ၂၀၁၀ မှာ ပလတ်တီနမ်တန်းမှာ ၆ ကြိမ် ပါဝင်ခဲ့ပါတယ်။ (Gold သတ်မှတ်ချက်မှာ အယ်လ်ဘမ်တစ်ခွေ ချပ်ရေ ၅ သိန်း ၊ ပလတ်တီနမ် ချပ်ရေ ၁ သန်း သတ်မှတ်ထားပါတယ်။) ဒီအခွေမှာ Rihanna ပါဝင်ကူညီပြီး Featuring ဆိုပေးထားတဲ့ Not Afraid နဲ့ Love The Way You Lie နှစ်ပုဒ်လည်း ပါဝင်ခဲ့သလို နှစ်ပုဒ်စလုံးလည်း နံပါတ်တစ်ဖြစ်ခဲ့ပါတယ်။ အယ်လ်ဘမ်ထွက်ပြီး ပထမဆုံး အပတ်မှာ ချပ်ရေ ၇၄၁၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။
2011: Drake, ‘Take Care’
Photo: Amazon
ကမ္ဘာ့ရောင်းအားအကောင်းဆုံး Hip Hop အယ်လ်ဘမ်စာရင်းမှာ ဒရိတ်ခ်ရဲ့ အယ်လ်ဘမ်ပါလာတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ Take Care က ဒရိတ်ခ်ရဲ့ ဒုတိယမြောက် စတူဒီယို အယ်လ်ဘမ်ဖြစ်ပြီး အမေရိက အသံသွင်းလုပ်ငန်း အစည်းအရုံး RIAA ကတော့ ဒီအယ်လ်ဘမ်ကိုလည်း ပလတ်တီနမ် ၆ ကြိမ် ပေးထားပါတယ်။ ပထမအပတ်မှာ ချပ်ရေ ၆၃၁၀၀၀ ရောင်းချနိုင်ခဲ့ပြီး အသေးစိတ် စီစဉ်ထားတဲ့ ထုတ်လုပ်ရေးစတိုင်ကြောင့်ရော ဒရိတ်ခ်ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ပေါက်ကွဲအားပြင်းပြင်း ခံစားချက်နဲ့ Performance ကြောင့်လည်း ချီးကျူးခံခဲ့ရပါတယ်။
2012: Kendrick Lamar,’Good Kid, M.A.A.D.City’
Photo: TheFader
Good Kid, M.A.A.D.City ဟာ ကန်ဒရစ်ခ် လာမားရဲ့ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်ပြီး နာမည်ကျော် Hip Hop အဆိုတော်ကြီးတွေ ဖြစ်တဲ့ Jay-Z နဲ့ Dr.Dre တို့လို Heavy Hitters ကြီးတွေပါ ပါဝင်သီဆိုထားတာပါ။ ဒီအယ်လ်ဘမ်မှာ ဒရိတ်ခ်လည်း ဝင်ဆိုထားပါတယ်။ ပထမအပတ်အတွင်းမှာ အချပ်ရေ ၂၄၂၀၀၀ ရောင်းချခဲ့ရပြီး Billboard Hot 200 မှာ ဒုတိယနေရာက ရပ်တည်ခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ လာမားရဲ့ စတိုရီပြောနေဟန် Skills တွေနဲ့ ပါရမီကောင်းတဲ့ Lyricist ဖြစ်မှုအပေါ် ချီးကျူးထောမနာပြုခဲ့ကြပါတယ်။
2013: Eminem.’The Marshall Mathers LP 2′
Photo: quotesgram
အမ်မီနမ်ရဲ့ အဌမမြောက် အယ်လ်ဘမ် The Marshall Mathers LP 2 ဟာ 4x Platinum စာရင်းဝင်ခဲ့ပါတယ်။ The Beastie Boys နဲ့ LL Cool J တို့လို အနုပညာရှင်တွေရဲ့ လွှမ်းမိုးမှုပါတဲ့ အယ်လ်ဘမ်ဖြစ်ပြီး အမ်မီနမ်ရဲ့ တတိယအယ်လ်ဘမ် The Marshall Mathers LP ရဲ့ အဆက်လည်း ဖြစ်ပါတယ်။ ပထမပတ်အတွင်း အချပ်ရေ ၇၉၂၀၀၀ ရောင်းခဲ့ရပြီး Review တွေမှာ လူကြိုက်များခဲ့တဲ့ ခွေလည်း ဖြစ်ပါတယ်။
2014: J.Cole,’2014 Forest Hills Drive’
Photo: USA Today
ဂျေကိုးလ်ရဲ့ တတိယမြောက် စတူဒီယိုအယ်လ်ဘမ် ဖြစ်တဲ့ 2014 Forest Hills Drive ဟာ ထွက်ပြီး ပထမအပတ်အတွင်း အချပ်ရေ ၃၅၃၀၀၀ ရောင်းချနိုင်ခဲ့ပြီး Billborad Hot 200 မှာ နံပါတ်တစ် စွဲခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ဟာ ၂၀၁၅ ခုနှစ်အတွက် BET Hip Hop တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆုကိုလည်း ရခဲ့သလို ၂၀၁၅ Billboard MUsic Awards မှာ Top Rap Album ဆုပါ ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ ဒီအယ်လ်ဘမ်ရဲ့ ခေါင်းစီးနာမည်ဟာ ကိုးလ်ငယ်ငယ်က နေခဲ့တဲ့ အိမ်လိပ်စာရဲ့ အရှေ့မှာ ထွက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကို တပ်ထားတာ ဖြစ်ပါတယ်။ နောက်ထူးခြားတာက ဒီအယ်လ်ဘမ်မှာ ဂျေကိုးလ်ဟာ ဘယ် Features မှ ထည့်မထားတာဘဲ ဖြစ်ပါတယ်။
2015: Drake,’If You’re Reading This It’s Too Late’
Photo: WorldstarHipHop
ဆယ်စုနှစ်အတွင်း ဒရိတ်ခ်ရဲ့ Hip Hop ခွေတွေဟာ အကြီးအကျယ် ရောင်းအားကောင်းခဲ့ပါတယ်။ ၂၀၁၅ မှာ ထွက်ခဲ့တဲ့ သူ့ရဲ့ If You’re Reading This It’s Too Late ဟာ 2x Platinum စာရင်းဝင်ခဲ့ပြီး ပထမအပတ်အတွင်း အချပ်ရေ ၄၉၅၀၀၀ ရောင်းချခဲ့ရပါတယ်။ တိပ်အခွေအနေနဲ့ ထွက်တာ ဖြစ်ပေမယ့် Spotifyပေါ် တင်ခဲ့တာကြောင့် ပထမအပတ်အတွင်း စံချိန်တင် Streaming Records ဖြစ်တဲ့ ၁၇.၃ သန်းကျော် နားထောင်ခဲ့ကြပါတယ်။
2016: Drake,’Views’
Photo: Pitchfork
ရောင်းအားအကောင်းဆုံး Hip Hop အယ်လ်ဘမ်စာရင်းမှာ နှစ်နှစ်ဆက်တိုက် ပါဝင်လာသူကလည်း ဒရိတ်ခ်ပါပဲ။ ၂၀၁၆ မှာ ဒရိတ်ခ်ဟာ ဝက်စ်အင်ဒီးယန်းနဲ့ အာဖရိကန် မြူးဇစ်ပုံစံ တွေယူထားတဲ့ Views ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်ခဲ့ပါတယ်။ Views မှာ ဂျမိုင်ကာအကပုံစံ ဂီတတွေ အပြည့် ထည့်သွင်းထားပါတယ်။ သီချင်းအမျိုးအစားအနေနဲ့ R&B , Trap , Afrobeat နဲ့ Pop တွေလည်း သွတ်သွင်းထားပါတယ်။ ပထမအပတ်မှာကိုပဲ Views အယ်လ်ဘမ်ဟာ ချပ်ရေ ၈၅၂၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။ ဒရိတ်ခ်ရဲ့ ဒီနေ့အထိ အအောင်မြင်ဆုံး အယ်လ်ဘမ်တွေထဲက တစ်ခုပါပဲ။
2017: Kendrick Lamar,’DAMN’
Photo: Business Insider
လာမားရဲ့ စတုတ္ထအယ်လ်ဘမ် DAMN စထွက်တော့ ပထမအပတ်ထဲမှာကို ချပ်ရေ ၆၀၃၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ဟာ Jazz တို့ Classical တို့ မဟုတ်တဲ့ ဂီတဘက် ပူလစ်ဇာဆုရ ပထမဆုံးအယ်လ်ဘမ်လည်း ဖြစ်ပါတယ်။ RIAA ကတော့ DAMN ကို ပလတ်တီနမ် သုံးခုရ အယ်လ်ဘမ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၈ ဂရမ်မီဆုပေးပွဲမှာ ဒီအယ်လ်ဘမ်ဟာ အကောင်းဆုံး ရက်ပ်အယ်လ်ဘမ်ဆု ရခဲ့ပါတယ်။ ဝေဖန်သူတွေက လာမားရဲ့ အသံနဲ့ Tone အပြောင်းအလဲ လုပ်နိုင်မှုအပေါ် ချီးကျူးခဲ့ကြပါတယ်။
2018: Drake,’Scorpion’
Photo: liveinthesix
ဒရိတ်ခ်ရဲ့ Scorpion အယ်လ်ဘမ်ဟာ ပလတ်တီနမ်ငါးခု စာရင်းဝင်ခဲ့ပြီး ပထမဆုံး ဖြန့်ချိတဲ့ သီတင်းပတ်မှာပဲ အချပ်ရေ ၇၃၂၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။ နံပါတ်တစ် လူကြိုက်အများဆုံး ဖြစ်ခဲ့တဲ့ သီချင်းတွေက God’s Plan ၊ Nice For What နဲ့ In My Feelings တို့ ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်မှာ အသစ်ဖြစ်ထွန်းမှု သိပ်မရှိဘူးဆိုပြီး ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။
2019 & 2020 : Post Malone, ‘Beerbongs & Bentleys ‘ နဲ့ ‘Hollywood’s Bleeding’
Photo: consequence
‘Beerbongs & Bentleys ဟာ ပိုစ်မယ်လွန်းရဲ့ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်ပြီး ပလတ်တီနမ် ၅ ခု စာရင်းဝင်ခဲ့ပါတယ်။ Hollywood’s Bleeding ကတော့ ပလတ်တီနမ် ၃ ခုစာရင်းဝင်ခဲ့ပါတယ်။ ‘Beerbongs & Bentleys ‘ ကို ဝေဖန်သူတွေက သိပ်အကြိုက်မတွေ့ခဲ့ပေမယ့် Hollywood’s Bleeding မှာတော့ ဆွဲဆောင်မှု ရှိတယ် ၊ အကြောင်းအရာနဲ့ သီချင်းအမျိုးအစား စုံလင်တယ်ဆိုပြီး ချီးကျူးခဲ့ကြပါတယ်။
Hollywood’s Bleeding ကို ပထမအပတ်အတွင်း အချပ်ရေ ၄၈၉၀၀၀ ရောင်းချနိုင်ခဲ့ပြီး Beerbongs & Bentleys ကိုတော့ အချပ်ရေ ၄၆၁၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။
Source : TheThings