လွန်ခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ယက်မှာရေပန်းစားခဲ့တဲ့ ကဗျာလေးနဲ့ ပြောရရင် ဝါဝါထိန်ထိန်ဖြစ်နေတာ သီတာလေးတို့အိမ်ပဲ ကောင်းတာပါနော်။ အကယ်၍ ကိုယ်ရဲ့ သွားလေးသာ ဝါဝါထိန်ထိန်ဖြစ်နေမယ် ဆိုရင်တော့ လုံးဝကြည့်ကောင်းမှာ မဟုတ်ပါဘူး။

သွားဝါခြင်းဟာ ခံတွင်းနဲ့ပတ်သက်တဲ့ အနံဆိုးတွေထွက်စေနိုင်သလို ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းစေပြီး လူအများကြား ပါးစပ်ကျယ်ကျယ်ဟဖို့ ၊ ရယ်ပြဖို့တောင် ခက်ခဲတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့သွားလေးတွေ ဝါမနေစေဖို့ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ပလုတ်ကျင်းပါ

Source : Medical News Today

အစားစားပြီးတိုင်း ပလုတ်ကျင်းခြင်းကို ဟိုးငယ်စဉ်မူလတန်းအရွယ်လောက်ကတည်းက သင်ခဲ့ကြရမယ်ထင်ပါတယ်။ အမှန်ပါပဲ ကိုယ်စားလိုက်တဲ့အစားသောက်တွေမှာ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ သွားကိုစွန်းထင်းစေနိုင်တဲ့ အရောင်တင်မှုန့်တွေ ပါဝင်နေတာကြောင့် အစားစားပြီးတိုင်း ခံတွင်းသန့် ဆေးရည် (သို့) ရေသန့်နဲ့ ပလုတ်ကျင်းပေးသင့်ပါတယ်။

(၂) ဆေးလိပ်လျော့သောက်ပါ

Source : Freepik

ယောကျာ်းလေးအများစုဟာ ဆေးလိပ်သောက်တက်ကြတယ် ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပါ။ ဆေးလိပ်သောက်တာ အချိန်ကြာလာတာနဲ့အမျှ သွားဝါဖို့ အခွင့်အရေးပိုများလာတာပဲဖြစ်ပါတယ်။ ဆေးလိပ်ကထွက်တဲ့ ဆေးလိပ်ဂျိုးတွေဟာ များများသောက်လေ သွားမှာပိုပြီး အနယ်ထိုင်လာလေဖြစ်ကာ သွားတွေကို ဝါညစ်သွားစေတာဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့ အမျိုးသားတွေအနေနဲ့ ဆေးလိပ်လျော့သောက်ဖို့ အကြုံပြုချင်ပါတယ်။

(၃) တစ်နေ့ ၂ ကြိမ်သွားတိုက်ပါ

Source : The Manual

လူတစ်ယောက်ဟာ အခြေခံအားဖြင့် မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်အနည်းဆုံး (၂) ကြိမ်တော့သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ခံတွင်းနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေ ကာကွယ်နိုင်မှာဖြစ်ပြီး သွားဝါခြင်း သွားမဲညစ်ခြင်းတို့ မဖြစ်စေမှာလည်းဖြစ်ပါတယ်။ မှန်ကန်တဲ့ သွားတိုက်နည်းစနစ်အမှန်နဲ့ တိုက်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

(၄) မီးသွေးမှုန့်နဲ့သွားတိုက်ပါ

Source : Dazzlepro

မီးသွေးကို အမှုန့်အနေအထားရအောင် ကြိတ်ပြီး သွားတိုက်ပေးမယ်ဆိုရင် သွားဝါတာတွေကိုသိသိသာသာလျော့ကျလာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ သွားလေးတွေကို နဂိုထက် ပိုပြီးဖြူဖွေးလာစေမှာဖြစ်တာကြောင့် လူကြားထဲ ယုံကြည်မှု ရှိရှိနဲ့ ပြုံးရယ်ပြနိုင်မှာဖြစ်ပါတယ်။

(၅) ပန်းသီးရှာလကာရည်နဲ့ ပလုတ်ကျင်းပါ

Source : Daily Express

ပန်းသီးရှာလကာရည်ဟာ သွားရဲ့ကြွေပေါ်မှာ ကပ်တွယ်နေတဲ့ အညစ်အကြေးတွေကို ကောင်းစွာဖယ်ရှာပေးနိုင်ပါတယ်။ အသုံးပြုနည်းကတော့ ရေတစ်ဖန်ခွက်ထဲကို ပန်းသီးရှာလကာရည် လက်ဖက်စားဇွန်းတစ်ဇွန်းစာလောက်ပဲ ထည့်ပြီး သမအောင် ရောမွှေကာ ပလုတ်ကျင်းပေးရမှာပဲဖြစ်ပါတယ်။ ပန်းသီးရှာလကာရှည်မှာ အက်စစ်ဓာတ်ပါဝင်တာကြောင့် (၁) မိနစ်ထက်တော့ပိုပြီး ပါးစပ်ထဲငုံထားဖို့ မသင့်တော်ပါဘူး။

အထက်ပါဆောင်ရန်ရှောင်ရန်လေးတွေကိုလိုက်နာပြီး ဖြူဖွေး သန့်စင်တဲ့ သွားဖြူဖြူလေးတွေနဲ့ လူအများအလယ်မှာ ယုံကြည်မှုအပြည့်ဖြင့် ပြုံးရယ်ပြနိုင်ကြပါစေ။