လူတိုင်းလူတိုင်းမှာ အခင်မင်ရဆုံးသူငယ်ချင်းအပေါင်းအသင်းတွေရှိကြပါတယ်။ တချို့က ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေရှိသလို တချို့ကျ တော့လည်း ကျောင်းတွေ တက္ကသိုလ်တွေရောက်မှခင်သွားကြတဲ့သူတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူငယ်ချင်းဆိုတာကတော့ ကိုယ့်ဘဝရဲ့ တစ်စိတ်အပိုင်းအရေးကြီးဆုံး လူတွေဖြစ်တာကြောင့် သူတို့နဲ့ သံယောဇဉ်မပြတ်ပဲ အခင်အမင်ပိုတိုးနိုင်ဖို့ လုပ်ဆောင်သင့်တဲ့အရာလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အဆက်အသွယ်လုပ်ပါ

Source : Shutterstock

ကျောင်းတွေပြီးသွားတဲ့အခါ အလုပ်ကိုယ်စီနဲ့ သူငယ်ချင်းတွေအရင်လိုဆုံဖို့ဆိုတာ အရမ်းကိုခက်သွားပါပြီ။ ဒါပေမယ့်လည်း အခုခေတ်လိုဆက်သွယ်ရေးကဏ္ဍတိုးတက်နေတဲ့ခေတ်ကြီး မိုင်ပေါင်းထောင်ချီဝေးနေတဲ့သူတွေတောင်အလွယ်တကူဆက်သွယ်လာနိုင်ပါပြီ။ သတိရရင်ရသလို ဖုန်းတွေဆက်မယ်။ အွန်လိုင်းပေါ်ကနေ အဆက်သွယ်မပြတ်ရှိနေမယ်ဆိုရင် သူငယ်ချင်းတွေနဲ့ ဘယ်လောက်ပဲအနေဝေးနေပါစေ သံယောဇဉ်မပြတ်ရှိနေနိုင်မှာပါ။

(၂) ပရဟိတလုပ်ပါ

Source : Shutterstock

သူငယ်ချင်းတွေနဲ့ အတူတူ ပရဟိတလုပ်တာဟာ ကုသိုလ်လည်းရ သူငယ်ချင်းသံယောဇဉ်ကိုလည်းပိုတိုးလာစေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းတွေ တက်နိုင်သလိုစုပေါင်းပြီး အကူညီလိုအပ်နေတဲ့နေရာတွေ မိဘမဲ့ကျောင်းတွေ ဘိုးဘွားရိပ်သာတွေစတဲ့နေရာတွေမှာသွားရောက်လှူဒါန်းနိုင်ပါတယ်။ ပျော်စရာလည်းကောင်းသလို အမှတ်တရတွေလည်းများစွာဖြစ်စေတာကြောင့် သူငယ်ချင်းတွေနဲ့ အတူတူလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

(၃) ပုံမှန်တွေ့ပါ

Source : Shutterstock

တစ်လကိုအနည်းဆုံး တစ်ကြိမ်လောက်ဖြစ်ဖြစ်သူငယ်ချင်းတွေ ပုံမှန်တွေ့ဆုံတဲ့ရက်မျိုး သတ်မှတ်ထားသင့်ပါတယ်။ ဒီလိုရက်မှာသူငယ်ချင်းတွေအားလုံး မပျက်မကွက်လာရောက်တွေ့ဆုံပြီး ပျော်ပျော်ပါးပါး Gathering လုပ်နိုင်ပါတယ်။ ကော်ဖီဆိုင်ထိုင်ကြမယ် သီချင်းသွားဆိုကြမယ် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်အိမ်မှာ မုန့်လုပ်စားမယ် စသဖြင့်ပျော်ရွှင်စရာကောင်းတဲ့နည်းလမ်းတွေအများကြီးလုပ်ပြီး သူငယ်ချင်းတွေနဲ့ ခိုင်မာတဲ့ သံယောစဉ်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

(၄) ခရီးထွက်ပါ

Source : Shutterstock

ဘဝမှာမဖြစ်မနေလုပ်ဆောင်သင့်တဲ့အရာတွေထဲမှာ သူငယ်ချင်းတွေနဲ့ ခရီးသွားခြင်းကလည်း မပါမဖြစ်ပါဘူး။ သူငယ်ချင်းတွေနဲ့ ခရီးသွားခြင်းက အတွေ့အကြုံအသစ်တွေ ပျော်ရွှင်စရာတွေ ရယ်မောစရာတွေနဲ့ အမှတ်တရများစွာရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ သံယောဇဉ်တွေပိုတိုးလာစေဖို့ တစ်နှစ်ကို ၂ခေါက်လောက်တော့ အုပ်စုလိုက်ကြီးခရီးသွားဖို့ အကြံပြုချင်ပါတယ်။