လူတိုင်းနီးပါး အစာမကြေတာကြောင့် ဗိုက်နာဗိုက်အောင့်တာ၊ လေထိုးတာ၊ အန်ချင်တာတွေ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီ ရောဂါလက္ခဏာတွေ မကြာခဏဖြစ်ဖန်များလာရင် သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံကို ကျင့်သုံးပေးမယ်ဆိုရင် ပြဿနာမရှိပါဘူး။ ဒီနေ့ kwee page က အစာခြေစနစ်ကောင်းမွန်နေစေဖို့အတွက် ဘယ်လိုတွေလုပ်ပေးရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

စစ်မှန်တဲ့အစားအစာတွေကိုပဲ စားပေးပါ

Source: Healthline

စစ်မှန်တဲ့အစားအစာတွေဆိုတာကတော့ ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် အစားအစာတွေကို ပြောချင်တာပါ။ အသင့်စား အစားအစာတွေ၊ ဆီတွေနဲ့ ကြော်ထားတဲ့ fast food တွေ၊ အချိုမုန့်တွေ စတာတွေကို စားမယ်ဆိုရင်တော့ ဗိုက်ပြည့်ရုံသက်သက်ပဲ ဖြစ်သွားမှာပါ။ ဒီအစားအစာတွေက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေဖြစ်တာကြောင့် အတက်နိုင်ဆုံး ရှောင်ရှားဖို့ အကြံပေးချင်ပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေစားခြင်းက အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း အစရှိသဖြင့် ပြည့်စုံစွာ စားပေးပါ။

အမျှင်ဓာတ်လုံလောက်စွာစားပေးပါ

Source: MealEnders

အမျှင်ဓာတ်တွေက အစာခြေစနစ်အတွက် အကျိုးပြုတဲ့ အာဟာရဓာတ်အဖြစ် လူသိများပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေက အစာကြေဖို့ မြန်တယ်၊ အစာအိမ်က ချေဖျက်ပေးရတာလည်း လွယ်ကူတယ်။ အမျှင်ဓာတ်ကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ စပါး၊ ဂျုံတွေကနေ ရရှိနိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ (မပြည့်ဝဆီ) စားပေးပါ

Source: Virgin Active

အစာခြေစနစ်ကောင်းမွန်စွာအလုပ်လုပ်ဖို့အတွက် လုံလောက်တဲ့ အဆီပမာဏစားသုံးပေးဖို့ လိုအပ်ပါတယ်။ အဆီတွေက စားသောက်ပြီးတဲ့အခါ ကျေနပ်မှုကိုရရှိစေပြီး အာဟာရစုပ်ယူရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။ ဒီတော့ ချက်ပြုတ်တော့မယ်ဆိုရင် ကျန်းမာရေးအတွက် ဘေးဥပါဒ်မဖြစ်စေတဲ့ မပြည့်ဝဆီ (ဥပမာ – ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ၊ ပဲဆီ) တွေနဲ့ပဲ ချက်တာ ပိုကောင်းပါတယ်။

ရေလုံလောက်စွာသောက်ပေးပါ

Source: Taste of Home

ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်တဲ့အခါ အစာအိမ်က အစာချေဖျက်ဖို့ ပိုအားစိုက်ရတဲ့အပြင် ဝမ်းချုပ်တာ၊ သွေးဝမ်းတွေ သွားတာအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ (၂) လီတာခန့် မဖြစ်မနေ သောက်ပေးသင့်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးအနှံတွေကိုလည်း နည်းနည်းစီ စားပေးရင် ရေဓာတ်ကို ဖြည့်ပေးနိုင်တဲ့အပြင် အာဟာရဓာတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

အစာကို သေချာကျေညက်အောင် ဝါးပါ

Source: Healthline

အစာကျေညက်အောင် ဝါးစားခြင်းဟာ အစာအိမ်က အစာကောင်းစွာ ချေဖျက်ပေးနိုင်ဖို့ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးရာရောက်ပါတယ်။ အစာဝါးနေတဲ့အချိန် ပါးစပ်ထဲက ထွက်လာတဲ့တံတွေးတွေဟာ အစာထဲမှာ ရှိနေတဲ့ ကစီဓာတ်နဲ့ အဆီဓာတ်ကို ဖြိုဖျက်ပေးလို့ အစာကြေမြန်စေပါတယ်။

Featured Image Source: Medical News Today