အောင်မြင်အောင် ကြိုးစားနေချိန်မှာ အဖျက်သမားတွေ ကြားဝင်စမြဲပါ။ ဒါတွေကို အောင်မြင်မှုအတွက် ရန်သူများစာရင်းမှာ ထည့်လိုက်ရအောင်ပါ။ ကဲ … ဘယ်လိုအရာတွေက သင့်အောင်မြင်မှုရဲ့ ရန်သူများပါလိမ့်။

(၁) ရောင့်ရဲချင်စိတ်

Motto

Photo: Unsplash

တော်ရုံဆို တော်ရုံပေါ့ ဆိုတဲ့စိတ်က သင့်ရဲ့ ပေါ်ပေါ်ထင်ထင်မဟုတ်တဲ့ ရန်သူဆိုတာ သတိပြုစေချင်ပါတယ်။ အကောင်းဆုံးလုပ်မယ် ၊ အကောင်းဆုံးရလဒ်ကို သွားမယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒနဲ့တော့ တခြားစီပါပဲ။ ကိုယ်လုပ်ခဲ့တာလေးတွေအပေါ် ကျေနပ်စိတ်လွန်ကဲသွားတဲ့အခါ နောက်ထပ် ကိုယ့်စွမ်းအားကို စိန်ခေါ်ချင်တဲ့စိတ် ၊ စွန့်စားရုန်းကန်လိုတဲ့စိတ်တွေ ငုပ်လျှိုးသွားတတ်ပါတယ်။ တင်းတိမ်မှုရဲ့ နောက်ကွယ်မှာ မာန ၊ ထိုင်းမှိုင်းပျင်းရိစိတ် ၊ အချိန်ဆွဲချင်တဲ့စိတ် နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲတာတွေ ဖြစ်လာနိုင်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် အထင်အမြင်နည်းတဲ့စိတ်

Encouraging

Photo: Unsplash

ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်သလဲဆိုတဲ့ မေးခွန်းက သင်ဖြေရမယ့်အဓိကမေးခွန်းကြီးတွေထဲက တစ်ခုပါပဲ။ ကိုယ်က ထိုက်တန်တဲ့သူပဲလို့ မြင်သလား ၊ ဒါမှမဟုတ် ငါက ဘာကောင်မှ မဟုတ်ပါဘူးကွာ။ ဒါနဲ့ငါ မတန်ပါဘူးလို့များ ခံစားနေရသလား။ Low Self-Esteem လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ကိုးစားအလေးထားလိုစိတ် နည်းခြင်းဟာ သင့်အောင်မြင်မှုကို တွန့်ဆုတ်နှောင့်နှေးစေတဲ့အရာပါပဲ။ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အထင်သေးချင်တဲ့စိတ်ကို မောင်းထုတ်ထားပါလို့ ပြောချင်ပါတယ်။

(၃) မာန (အတ္တ)

Scrabble

Photo: Unsplash

မာနထောင်လွှားမှုက လူသန်းပေါင်းများစွာကို ခါးသက်တဲ့ နောင်တတွေ ရစေတဲ့ အကြောင်းရင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ငါမှ ငါသာဆိုတဲ့ မာန ၊ ငါ့ဖို့ ငါဟာပဲ ကွက်ကွက်ပဲ ကြည့်တတ်တဲ့ အတ္တနဲ့ဆို ကံအလှည့်သင့်လို့ အောင်မြင်ခဲ့ရင်တောင် အဆုံးမှာ နောင်တတွေ မတန်ကာရော ပြန်ရပါလိမ့်မယ်။ ဒါကြေင့် သင့်အောင်မြင်မှုရဲ့ အဆိုးဆုံးရန်သူတစ်ယောက်ကို ရှင်းထုတ်ဖို့ နှိမ့်ချတဲ့ မြင့်မြတ်စိတ်မျိုး ထားပါ။ ရိုးသားဖော်ရွေမှုနဲ့ အများအတွက် ရပ်တည်တတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်ပါ။

(၄) ပျင်းရိခြင်း

Change

Photo: Unsplash

ပျင်းရိသူအတွက် ဥစ္စာ ၊ ပညာ ၊ ကုသိုလ်ဆုံးရှုံးစရာပဲ ရှိပါတယ်။ နေမြဲအတိုင်း Comfort Zone နဲ့ နေချင်ပြီး တိုးတက်အောင် မကြိုးစားချင်တာမျိုးဟာ ဘဝတက်လမ်းကို ဖျက်ဆီးနေတဲ့ ရန်သူကြီးတစ်မျိုးပါပဲ။ Comfort Zone ဆိုတာ ငြိမ့်ငြိမ့်လေး ဖောင်စီးရသလိုပါပဲ။ ဒါပေမယ့် ပဲ့မပါ ၊ တက်မပါတာကြောင့် ဘယ်ချက် ရေအောက်‌ရောက်သွားမလဲဆိုတာ မသိနိုင်ပါဘူး။ ဒီရန်သူကို တိုက်နိုင်ဖို့အတွက် သင်ပေါင်းရမယ့် မိတ်ဆွေတွေက ဝီရိယ ၊ သံဓိဌာန် ၊ ထက်မြက်တဲ့ဆင်ခြင်မှုနဲ့ ဇွဲတို့ ပါပဲ။

(၅) အချိန်ရွှေ့ဆိုင်းခြင်း

Photo: Unsplash

အချိန်ဆွဲတာကြောင့် အခွင့်အရေးကြီးတွေနဲ့ အနည်းဆုံး တစ်ခါလောက်ဖြစ်ဖြစ် လွဲသွားတဲ့သူတွေ ရှိဖူးမှာပါ။ အချိန်ရွှေ့ဆိုင်းခြင်းဟာ သင့်အောင်မြင်ရေးအတွက် ရန်သူကြီးများ စာရင်းမှာ အထက်နားက နေရာပေးရမယ့် အဆင့်မြင့်ရန်သူတစ်ယောက် ဖြစ်ပါတယ်။ အချိန်ရွှေ့ဆိုင်းတာနဲ့ ပျင်းတာက အမွှာလိုပဲ တွဲနေတတ်ပါတယ်။ အဓိကက နေမြဲသာယာတဲ့နေရာမှာ ဘာမှရုန်းကန်ကြိုးစားမနေချင်တာက စပါတယ်။
အခုပြောခဲ့တဲ့ ရန်သူတွေကို သင်အနိုင်ယူနိုင်ရင် အောင်မြင်ဖို့ ခရီးမိုင်တွေ အများကြီးကို သင်ဖြတ်ကျော်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

Featured Photo: inspirelife