တစ်ကမ္ဘာလုံးမှာ COVID-19 မျိုးကွဲသစ် ရိုက်ခတ်မှု ရှိနေပေမယ့်လည်း ရုပ်ရှင်သစ်တွေကတော့ အစဉ်အလာမပြတ် ဆက်ပြီး ထွက်လာဦးမှာပါ။ တစ်နှစ်စာ ရုပ်ရှင်ပြက္ခဒိန်စာရင်းမှာ ပရိသတ်တွေ မျှော်လင့်စောင့်စားနေရတဲ့ ရုပ်ရှင်ကားတွေလည်း ပါလာမလားဆိုတာ စောင့်မျှော်ရတာကလည်း ရင်ခုန်စိတ်လှုပ်ရှားစရာတစ်ခုပါပဲ။

၂၀၂၁ ထဲမှာ ကျွန်တော်တို့ မျှော်လင့်ခဲ့တဲ့ ရုပ်ရှင်တွေ ကြည့်ခွင့်ရခဲ့ပြီး အကြိုက်တွေ့ခဲ့တာတွေ ရှိသလို ထင်သလောက် မကြိုက်ခဲ့ရတဲ့ ကားတွေလည်း အများကြီး။ ဒီနှစ်ထဲမှာလည်း ရုပ်ရှင်ကားသစ်တွေ အများကြီး ထွက်လာမှာပါ။ ဒီထဲကမှ ကြည့်ဖို့ မစောင့်နိုင်အောင် စိတ်လှုပ်ရှားနေရတဲ့ ရုပ်ရှင်ကားတချို့အကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) The Texas Chainsaw Massacre

အမေရိကန်သည်းထိတ်ရင်ဖို Horror ကားတွေ ကြိုက်သူတွေနဲ့ Texas Chainsaw Massacre က ရင်းနှီးပြီး ဖြစ်မှာပါ။ TCM ကားတွေက ကျွန်တော်တို့ မမွေးခင်ကတည်းက ထွက်ခဲ့တဲ့ Franchise ဖြစ်ပြီး ဒါရိုက်တာ တိုဘီ ဟူးပါး ရိုက်ခဲ့တဲ့ မူရင်းရုပ်ရှင်က ၁၉၇၄ မှာ ထွက်ပြီး ဒီနှစ်ထဲ ထွက်မယ့် ရုပ်ရှင်ကို ဒေးဗစ်ဘလူး ဂါစီယာက ရိုက်ကူးသွားမှာ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့ ထွက်ဖို့ ရှိပါတယ်။ တက္ကဆက်ရဲ့ ဝေးလံခေါင်ဖျားလှတဲ့ ကျေးလက်နယ်စပ်တစ်နေရာမှာ နေထိုင်ပြီး မျက်စိလည်ရောက်လာသူတွေကို အမဲလိုက်သတ်ဖြတ်စားသောက်တဲ့ လူစိတ်ပျောက်အရိုင်းအစိုင်းမိသားစုဇာတ်လမ်းဖြစ်ပြီး အခုထိလည်း ဒီရုပ်ရှင်စီးရီးက လူကြည့်များဆဲပါ။

(၂) The Batman

လင်းနို့လူသားအဖြစ် ရောဘတ်ပတ်တင်ဆန်ကို ပထမဆုံး မြင်ရမယ့်ရုပ်ရှင်ပါ။ ဇာတ်လမ်းသွားချည်း ၂ နာရီ ၄၇ မိနစ် (၁၆၇ မိနစ်) အထိ ကြာမြင့်မယ့် ရုပ်ရှင်ဖြစ်ပြီး Avengers : Endgame (၁၈၁ မိနစ်) နဲ့ Zack Snyder’s Justice League (၂၄၂ မိနစ်) တို့ပြီးရင် အရှည်ဆုံးရုပ်ရှင်အဖြစ် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ Romantic ဆန်တဲ့ Twilight ကားနဲ့ ကမ္ဘာကျော်လာတဲ့ ပတ်တင်ဆန်ကို Batman ဇာတ်ရုပ်အဖြစ် မြင်ရမှာကလည်း စိတ်လှုပ်ရှားစရာပါပဲ။မတ်လ ၃ ရက်နေ့ ရုံတင်မယ်လို့ သိရပါတယ်။

(၃) Morbius

Marvel Comics ဗန်ပိုင်းယားဇာတ်ကောင် Morbius အကြောင်း ရိုက်ထားတဲ့ စူပါဟီးရိုးကား Morbius ရဲ့ Trailer တွေ ထွက်လာပါတယ်။ ဂါးရတ်လီတိုက Morbius အဖြစ် သရုပ်ဆောင်ထားပါတယ်။ ရှားပါးသွေးရောဂါတစ်မျိုးကို ကိုယ့်ဘာသာကုဖို့ ကြိုးစားရင်း ဗန်ပိုင်းယားဖြစ်သွားတဲ့ လူတစ်ယောက်အကြောင်းပါ။ Morbius ကို ဧပြီ ၁ ရက်နေ့ စပြီး
ရုံတင်ပြသသွားမယ်လို့ ဆိုပါတယ်။

(၄) Doctor Strange In The Multiverse Of Madness

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က MCU က Spider-Man : No Way Home နဲ့ အောင်ပွဲခံခဲ့သလို ဒီနှစ်ထဲမှာလည်း Marvel ကားတွေ ခပ်စိပ်စိတ် မြင်ရဖို့ ရှိပါတယ်။ နာမည်ကြီးမင်းသား ဘန်နီဒစ် ကမ်ဘာဘတ်ချ်ရဲ့ Doctor Strange တောင် No Way Home မှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါခဲ့ပါသေးတယ်။ ဒီနှစ် မေလ ၆ ရက်နေ့ ထွက်ဖို့ ရှိတဲ့ Doctor Strange In The Multiverse of Madness မှာတော့ ကမ်ဘာဘတ်ချ်နဲ့အတူ အယ်လီဇဘတ် အော်လ်ဆန်လည်း စကားလတ်ဝှစ်ချ်အနေနဲ့ MCU မှာ အဓိကဇာတ်ဆောင်နေရာကနေ ပထမဆုံး ပါလာတာ တွေ့ရမှာပါ။

(၅) Jurassic World : Dominion

ဒိုင်နိုဆောတွေအကြောင်း ပြောရတာ ကလေးဆန်တယ်လို့ ဆိုကြပေမယ့် Jurassic World ကြည့်ပြီးရင် ကလေးဆန်မှာလည်း မစိုးရိမ်တော့ပါဘူး။ ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘာ့ဂ်က စတင်ခဲ့တဲ့ အောင်မြင်တဲ့ ရုပ်ရှင်စီးရီးတစ်ခုဖြစ်လို့ ခေတ်အဆက်ဆက် လူကြိုက်များခဲ့တာပါ။ ၂၀၂၂ မှာ ထွက်မယ့် Jurassic World: Dominion ကားကို ရိုက်ကူးညွှန်ကြားဖို့ စပီးလ်ဘာ့ဂ်ဟာ ကောလင်း ထရီဗော်ရိုးကို ခန့်အပ်ထားပါတယ်။ ဒီကားက ဇွန်လ ၁၀ ရက်နေ့ ထွက်မယ်လို့ သိရပါတယ်။

ဒီဆောင်းပါးမှာ မဖော်ပြဖြစ်ပေမယ့် ၂၀၂၂ အတွက် ထွက်လာဖို့ ရှိပြီး ပရိသတ်တွေ စိတ်လှုပ်ရှားနေတဲ့ ကားသစ်တွေထဲမှာ တွမ်ခရုဇ်ရဲ့ Top Gun: Maverick ၊ ဗိုက်ကင်းရုပ်ရှင် The Northmann ၊ Marvel ရဲ့ Thor: Love And Thunder ၊ The Rock ရဲ့ Black Adam ၊ Black Panther: Wakanda Forever ၊ Creed III ၊ Aquaman And The Lost Kingdom နဲ့ Avatar 2 တို့လည်း ပါဝင်ကြောင်း မျှဝေတင်ဆက်လိုက်ပါတယ်။

Featured Photo: CNET