007 ဆိုတာ အမျိုးသားတိုင်းလိုလို အားကျရတဲ့ မြာပွေသူ စုံထောက်မင်းသားတစ်လက်ဆို မမှားပါဘူး။ ဒီရက်ပိုင်းကပဲ အနိစ္စရောက်သွားတဲ့ မင်းသားကြီး ရှောင်ကွန်နရီကနေ နောက်ဆုံး ဒန်နီယယ်ခရော့ချ်အထိ ဂျိမ်းစ်ဘွန်းမင်းသား ၇ လက်ဟာ အဝတ်အစားမှာဆိုလည်း ခေတ်အလျောက် ဖက်ရှင်အကျဆုံးနဲ့ စမတ်အကျဆုံး ဖြစ်ခဲ့ပါတယ်။

ဂျိမ်းစ်ဘွန်းဟန်နဲ့ ဖက်ရှင်တွေဟာ လူငယ်မျိုးဆက်တွေပေါ် ဩဇာလွှမ်းမိုးခဲ့ပါတယ်။ ဂျိမ်းဘွန်းဇာတ်ကောင်တွေ ဝတ်ခဲ့တဲ့ အဝတ်အစား နဲ့ ဖက်ရှင် Brand တွေအကြောင်းဟာလည်း ဂျိမ်းစ်ဘွန်းလိုပဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

(၁) Sunspel

Photo: bamfstyle

ဗြိတိန်တန်ဖိုးကြီး ရှပ်အင်္ကျီအမှတ်တံဆိပ်တစ်ခု ဖြစ်ပြီး ၂၀၀၆ မှာ ထွက်ခဲ့တဲ့ Casino Royale မှာ ဒန်နီယယ်ခရေ့ချ် ဝတ်ခဲ့တဲ့ ပိုလိုရှပ်ကို Sunspel က ချုပ်ပေးတာ ဖြစ်ပါတယ်။ ဒီ brand ဟာ ၁၈၆၀ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀ ကတည်းက စပြီး တည်ထောင်ခဲ့တာ ဖြစ်ပြီး Sunspel က ထုတ်တဲ့ Boxer ဘောင်းဘီတို ၊ တီရှပ်နဲ့ ပိုလိုရှပ်တို့က နာမည်ကြီးပါတယ်။

(၂) Tom Ford

Photo: Fashion Network

အမေရိကန်ဖက်ရှင်ဒီဇိုင်နာ သောမတ်စ်ကာလိုင်းဖို့ဒ် ရဲ့ Tom Ford ဖက်ရှင်တွေကို နာမည်ကြီးဟောလီးဝုဒ်ရုပ်ရှင်မင်းသား/မင်းသမီးတွေ ဖြစ်တဲ့ ဘီရွန်းဆေး ၊ ဂျနီဖာလိုပက်ဇ် ၊ ဂွင်းမ်ပယ်ထရို ၊ ဒန်နီယယ်ခရေ့ချ် ၊ တွမ်ဟန့်ခ် ၊ ဂျွန်နီဒက်ပ် နဲ့ ဝီလ်စမစ်တို့လို ပုဂ္ဂိုလ်တို့ နှစ်နှစ်သက်သက် ဝတ်ကြပါတယ်။ Quantum of Solace ၊ Skyfall နဲ့ Spectre ရုပ်ရှင်တွေအတွက် ဒန်နီယယ်ခရေ့ချ်ဝတ်ဖို့ Suits တွေကို Ford က ဒီဇိုင်းထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

(၃) Crockett & Jones

Photo: The Gentlemans Journal

အင်္ဂလန်ဖြစ် နာမည်ကြီး ရှုးစ်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Crockett & Jones ကို ၁၈၇၉ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ Crockett & Jones ဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ EON Productios နဲ့ တရားဝင် ပါတနာဖက်ရှင်ကုမ္ပဏီ ဖြစ်ပြီး ထွက်ထားတဲ့ Skyfall ၊ Spectre ကားတွေမှာအပြင် အသစ်ထွက်လာမယ့် No Time To Die မှာပါ Crockett & Jones ဖက်ရှင်တွေ ပါဝင်လာမှာပါ။

(၄) Omega

Photo: Pinterest

Omega ဆိုရင် နာရီချစ်သူတွေ မသိမရှိလို့တောင် ပြောနိုင်ပါလိမ့်မယ်။ ဆွစ်ဇာလန်နာရီကုမ္ပဏီ Omega ဟာ ၁၈၄၈ ကတည်းက စတင် တည်ထာင်လာခဲ့တဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်က လပေါ် ပထမဆုံးရောက်ခဲ့တဲ့ နာရီကို Omega က ထုတ်ခဲ့တာပါ။ ဂျိမ်းစ်ဘွန်းတွေဟာ ၁၉၉၅ ကတည်းက Omega နာရီကို ဝတ်ခဲ့ပါတယ်။

(၅) Persol

Photo: bamfstyle

ဂျိမ်းစ်ဘွန်းရဲ့ လက်စွဲ Accessories တွေထဲမှာ Persol မျက်မှန်တွေလည်း ပါဝင်ပါတယ်။ အီတလီနိုင်ငံ တူရင်မြို့မှာ ၁၉၁၇ ခုနှစ်က Persol အမှတ်တံဆိပ်ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Persol မျက်မှန်တွေကို GoldenEye ၊ Die Another Day နဲ့ Casino Royale တို့လို ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေမှာ သုံးခဲ့ပါတယ်။