ရှည်သွယ်သွယ် ကိုယ်ခန္ဓာ ချောကျိကျိနဲ့ လူကိုအန္တရာယ်ပြုနိုင်တဲ့အရာကတော့ မြွေပါပဲ။ တကယ်တော့ ကမ္ဘာတဝှမ်းမှာ မြွေမျိုးစိတ်ပေါင်း ၃၀၀၀ ခန့်ရှိတဲ့အနက် ၄၀၀ လောက်ကသာ အဆိပ်ပြင်းမြွေအမျိုးအစား တွေဖြစ်ကြပြီး ၄၀၀ထက်နည်းတဲ့ မြွေတွေကသာ လူကိုသေစေနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဆို ဘယ်လိုမြွေအမျိုးအစားတွေက လူကိုသေစေနိုင်လောက်အောင်အဆိပ်ပြင်းလဲဆိုတာ ဗဟုသုတအနေနဲ့ ပြောပြပေးပါမယ်။
(၁) မြွေတို့ဘုရင်မြွေဟောက်

အာရှနဲ့ အိန္ဒိယတောတွင်းတလျှောက် ကမ္ဘာပေါ်တွင်အရှည်ဆုံးနဲ့ အဆိပ်အပြင်းဆုံးမြွေအမျိုးအစားဖြစ်တဲ့ မြွေဟောက်ကို သင်သိမှာပါ။ အမှန်တော့ ၁၈.၈ ပေအထိကြီးထွားနိုင်တဲ့ မြွေဟောက်တွေဟာ မြွေဆိုးတော့ မဟုတ်ပါဘူး။ သူတို့က အိမ်မြှောင်၊ ကြွက်များနဲ့ တခြားမြွေတွေကိုအမဲ လိုက်တာများပြီး လူတွေကိုအန္တရာယ် မပြုတတ်ကြပါဘူး။ တကယ်လို့ ဆင်တစ်ကောင်မြွေဟောက်အဆိပ်မိခဲ့ရင် အာရုံကြောအဆိပ်အတောက်မိတဲ့အတွက် အကြောသေပြီး နာရီပိုင်းအတွင်းသေစေနိုင်ပေမယ့် လူကိုကိုက်မိရင်တော့ အသက်ရှင်နိုင်ခြေ ၄၀ ရာခိုင်နှုန်းရှိပါတယ်။
(၂) အကြေးခွံမာမြွေပွေး

မြွေပွေးတွေဟာ ပုံမှန်အားဖြင့် အိန္ဒိယ၊ တရုတ်နဲ့ အာရှဒေသတွေမှာ ရှိတတ်ပြီး သူတို့က ညအချိန်မှသာ ကျက်စားလေ့ရှိကာ အလွန်မြန်ဆန်ကြပါတယ်။ တကယ်လို့ မြွေပွေးအဆိပ်မိခဲ့မယ်ဆိုရင် ချက်ချင်းအဆိပ်တက်တာကိုခံစားရမှာပါ။ သွေးပေါင်ချိန်ကျဆင်းလာတာ၊ နှလုံးခုန်နှုန်းနှေးလာတာနဲ့ ပါးစပ်ကတဆင့်သွေးထွက်လာပြီး ပြင်းထန်တဲ့ ဝေဒနာခံစားရပါလိမ့်မယ်။ ကုသမှုမရှိရင်တော့ တစ်ရက်အတွင်းသေဆုံးတာ ဒါမှမဟုတ် ၂ ပတ်ခန့်ဝေဒနာခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
(၃) အမဲရောင်မမ်ဗာမြွေ

အာဖရိကမှာ မြွေကိုက်သေဆုံးမှုအတော်များများကို အမဲရောင်ရှိတဲ့ မမ်ဗာမြွေတွေကိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိပါတယ်။ ဒါဟာဘာလို့လဲဆိုတော့ အံ့ဩဖွယ်ကောင်းလောက်အောင်လျှင်မြန်မှုနဲ့ သေစေနိုင်လောက်တဲ့ အာရုံကြောအဆိပ်ပြင်းထန်စေမှုတို့ကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ၁၂ ကြိမ်ခန့် ဆက်တိုက်ပေါက်နိုင်ပြီး အဆိပ်ကို လုံလောက်အောင်ထုတ်နိုင်ကြတဲ့အတွက် တကယ်လို့ မမ်ဗာမြွေကိုက်ခံရပြီး ကုသမှုမခံယူရင်တော့ ၁၅ မိနစ်အတွင်း သေဆုံးနိုင်တယ်လို့ဆိုပါတယ်။
(၄) တောင်အာဖရိကနဲ့ ဆာဟာရဘွန်းမ်စလန်းမြွေ

ကမ္ဘာအနှံ့က လူတော်တော်များများမြွေကိုက်ခံရတာတွေဆိုရင် ဘွန်းမ်စလန်းမြွေတွေကြောင့်လို့ ဆိုပါတယ်။ အထူးသဖြင့် ဘွန်းမ်စလန်းမြွေတွေကိုတောင်အာဖရိကနဲ့ ဆာဟာရတောင်ပိုင်းဒေသတွေမှာတွေ့ရပြီး လျင်မြန်ရုံသာမကဘဲ သစ်ပင်တက်နိုင်တဲ့မြွေအမျိုးအစားဖြစ်ပါတယ်။ အလွန်အဆိပ်ပြင်းပြီး တစုံတခုကိုကိုက်တဲ့အခါ ပါးစပ်ဘေးကပါးရိုးတွေကို ၁၇၀ ဒီဂရီထိဖွင့်နိုင်ကြပါတယ်။ ဒါပေမယ့်ဘွန်းမ်စလန်းမြွေကိုက်ခံရရင်တော့ ရောဂါလက္ခဏာချက်ချင်းခံစားရမှာမဟုတ်ပေမယ့် အသက်အန္တရာယ်ကို ချိန်းခြောက်နိုင်တဲ့အတွက် သတိပြုဖို့အကြံပေးချင်ပါတယ်။
