စိတ်ဖိစီးမှုက အန္တရာယ်ရှိတဲ့အရာပါ။ စိတ်ဖိစီးမှုကြောင့် ပြဿနာအမျိုးမျိုး ပေါ်ပေါက်နိုင်ပါတယ်။ Stress လို့ ခေါ်တဲ့ စိတ်ဖိစီးမှုဟာ သင့်ရဲ့ အစာချေမှု ၊ ကိုယ်ခံအား လုပ်ဆောင်ချက် ၊ သိမှတ်မှုနဲ့ စိတ်ခံစားမှုတွေပေါ် သက်ရောက်မှု ရှိပါတယ်။ အခုလို COVID-19 ကပ်ဘေးအတွင်းမှာ ကျွန်တော်တို့အားလုံးဟာ စိတ်ဖိစီးမှုနဲ့အတူ နေ့စဉ်ဆိုသလို ယှဉ်တွဲနေထိုင်နေရတာပါ။ ဒီတော့ စိတ်ဖိစီးမှုအကြောင်း သိဖို့ လိုပါတယ်။ စိတ်ဖိစီးမှုက ကိုယ့်ကို ဘယ်လိုဒုက္ခပေးနိုင်သလဲဆိုတာပါ နားလည်ထားဖို့ လိုပါတယ်။

(၁) ကိုယ်ခံအားစနစ် အားနည်းစေတယ်

young-asian-man-suffering-runny-nose-having-medical-leave-staying-home

Photo: Freepik

စိတ်ဖိစီးမှုက လူရဲ့ Immune System ကို ထိခိုက်စေပါတယ်။ ကိုယ်ခံအားစနစ်မကောင်းရင် ရောဂါပိုးတွေ မတိုက်ဖျက်နိုင်လို့ ကူးစက်ရောဂါတွေ ဖြစ်လွယ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းဖို့ဆို ညဘက်အိပ်ရေးဝဝအိပ်တာ ၊ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ ၊ အာဟာရရှိတာတွေ စားသောက်တာနဲ့ စိတ်ဖြေလျှော့နားပေးတာတွေ လုပ်ပေးသင့်ပါတယ်။

(၂) အစာအိမ် ပြဿနာတွေ ရှိလာစေတယ်

man-standing-with-stomachache-put-your-hands-your-stomach-cover-your-mouth

Photo: Freepik

စိတ်ဖိစီးမှုနဲ့ အစာချေဖျက်မှုကျန်းမာရေးအကြားမှာလည်း အခိုင်အမာ ဆက်သွယ်ချက်တွေ ရှိပါတယ်။ ဦးနှောက်နဲ့ အူဟာ အမြဲဆက်သွယ်မှုတွေ လုပ်ပြီး တစ်ခုနဲ့တစ်ချက် ပုံမှန်အချက်ပြမှုတွေ ပေးပို့နေတာကြောင့် စိတ်ဖိစီးလာရင် စားသောက်မှုပုံစံနဲ့ အစာချေဖျက်မှုစွမ်းရည် ထိခိုက်လာတတ်ပါတယ်။ ဒီနည်းနဲ့ စိတ်ဖိစီးမှုများနေတဲ့သူဟာ စိတ်ရှုပ်ထွေးမှု ၊ စိတ်ဓါတ်ကျခြင်းနဲ့ စိတ်တင်းကြပ်မှုတွေရဲ့ အကျိုးဆက်အဖြစ် အစာအိမ်အောင့်တာ အစာမကြေတာမျိုးတွေ ဖြစ်လာပါတယ်။

(၃) စိတ်ဓါတ်ကျလာတယ်

Sad business man sit in hotel room

Photo: Freepik

ရိုးရိုးပြောရရင် Stress ဆိုတာ ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင် အခြေအနေ အပြောင်းအလဲတစ်ခုခုပေါ်မှာ စိတ်အသားမကျတာကို ပြောတာပါ။ စိတ်ထားတတ်သွားရင်တော့ Stress အဖြစ်နည်းပါတယ်။ စိတ်ဖိစီးမှုဟာ ရေရှည်မှာ စိတ်ဓါတ်ကျဆင်းပြီး ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့ အခြေအနေကို ဦးတည်သွားနိုင်ပါတယ်။ နာတာရှည် စိတ်ဖိစီးမှုကြောင့် Cortisol လိုမျိုး ဟော်မုန်းတွေ ပိုထွက်လာပြီး ဦးနှောက်ထဲက ပျော်ရွှင်ကြည်လင်ခြင်းတွေကို လှုံ့ဆော်တဲ့ Serotonin နဲ့ တခြား အာရုံနှိုးဆွလှိုင်းတွေ ထွက်ရှိမှု အားနည်းသွားတတ်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုကို ကျန်းမာရေးပြဿနာတစ်ခုအဖြစ် မြင်ပါ။ အကောင်းဆုံး အထိရောက်ဆုံးဖြစ်အောင် ဖြေရှင်းပါ။ စိတ်ဖိစီးမှုကို ကိုင်တွယ်ရာမှာ ပိုပြီး အလေးအနက်ထားပါ။ လိုအပ်ရင် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ ၊ ကိုယ့်ဆရာသမား ၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားရဲ့ အဆုံးအမနဲ့ အေးချမ်းအောင် နေထိုင်ပါလို့ တိုက်တွန်းချင်ပါတယ်။