လီယွန်နယ် မက်ဆီဟာ ဆယ်စုနှစ် ၂ ခုကြာ ရှိခဲ့တဲ့ နူးကမ့်ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ဆွေးနွေးရာမှာ သဘောတူညီမှု မရရှိခဲ့ဘဲ ပျက်ပြယ်သွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းမှာ အကြီးမားဆုံးသော အောင်မြင်မှုတွေရဲ့ ပြယုဂ်ဖြစ်ခဲ့ပြီး အားကစားသမိုင်းမှာ အထူးခြားဆုံးအချိန်ကာလတွေထဲက တစ်ခုကို ပရိသတ်တွေ မျက်ဝါးထင်ထင် မြင်တွေ့အောင် ပြသခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ မက်ဆီဟာ အသက် ၁၃ နှစ်အရွယ်မှာ ဘာစီလိုနာအသင်းကို မပြောင်းရွှေ့မီ အာဂျင်တီးနား ဒေသခံအသင်းဖြစ်တဲ့ နီဝဲလ် အိုးဘွိုင်းအသင်းမှာ ဘောလုံး စတင်ကစားခဲ့ပြီး ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလမှာ ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့ပြီးနောက် ၎င်းရဲ့ အများနဲ့မတူ ထူးခြားတဲ့ ဘောလုံးပါရမီတွေနဲ့ လူတွေကို ချက်ချင်းဆိုသလို အံ့အားသင့်စေခဲ့သူဖြစ်ပါတယ်။

Quotes-on-Messi

Photo: barcauniversal

မက်ဆီဟာ စာချုပ်ချုပ်ဆိုမယ်လို့ ကတိပေးခြင်းခံခဲ့ရပြီး ဒီဇင်ဘာလ မတိုင်မီအထိ ဘာစီလိုနာအသင်းက စာချုပ်ချုပ်မလား၊ မချုပ်ဘူးလားဆိုတာကို အဆုံးအဖြတ်မပေးနိုင်ခဲ့တာကြောင့် ၎င်းနဲ့ ၎င်းမိသားစုတွေ အိမ်ပြန်ရတော့မယ့်အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ မက်ဆီတို့ မိသားစုဟာ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေ တည်ခင်းကျွေးမွေးတဲ့ နေ့လယ်စာကို စားခဲ့ကြပြီး မက်ဆီရဲ့ ပထမဆုံးစာချုပ်ဟာ လက်ရှိအချိန် ဘောလုံးသမိုင်းမှာ အရေးအပါဆုံးစာရွက်စာတမ်းတွေထဲက တစ်ခု ဖြစ်နေပြီဖြစ်တဲ့ စက္ကူလက်သုတ်ပုဝါလေးဖြစ်ခဲ့ပါတယ်။

ယင်းအချိန်က ဘာစီလိုနာအသင်းဥက္ကဌဖြစ်တဲ့ ဂျိုအန် ဂက်စ်ပတ်ဟာ အသက် ၁၃ နှစ်သား မက်ဆီကို ခေါ်ယူဖို့ တွန့်ဆုတ်နေခဲ့ပေမယ့် နည်းပြ ကားလို့စ် ရီဆက်ချ်က အသင်းအဖွဲ့ဝင် ၃ ဦးစလုံး လက်မှတ်ထိုးထားတဲ့ အဲဒီစက္ကူ လက်သုတ်ပုဝါ စာချုပ်ပေါ်မှာ စာချုပ်ပါအချက်အလက်တွေကို ရေးသားပြီး မက်ဆီကို စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ လူကောင်အင်မတန် သေးညှက်လွန်းတဲ့ ကြယ်ပွင့်လေးဟာ ဘာစီလိုနာ လူငယ်အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး နောက်ဆုံးမှာတော့ ၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ ကစားခဲ့တဲ့ အက်စ်ပန်ညိုနဲ့ပွဲစဉ်မှာ ပထမအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ပထမဆုံး ဘာစီလိုနာအသင်းအတွက် သွင်းဂိုးဟာ ၂၀၀၅ ခုနှစ် မေလမှာ ရော်နယ်ဒင်ဟို ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ဂိုးသမား မဖမ်းနိုင်အောင် အသာပင့်တင် သွင်းယူခဲ့တာဖြစ်ပြီး ကျန်တဲ့သွင်းဂိုးတွေအားလုံးဟာ လက်ရှိမှာတော့ သမိုင်းမှတ်တမ်းတွေအဖြစ် ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအတွက် ၇၇၈ ပွဲ ကစားခဲ့ရာမှာ မက်ဆီဟာ သွင်းဂိုး ၆၇၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၀၅ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပြီး လာလီဂါဖလား ၁၀ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၃၅ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

Messi to leave Barcelona due to 'financial obstacles

Photo: Reuters

အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့်ဟာ ဂုဏ်သိက္ခာအကြီးမားဆုံးတစ်ဦးချင်းဆုဖြစ်တဲ့ ဘလွန်းဒီအော်ဆုကိုလည်း ၆ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ တသက်တာအကောင်းဆုံးကစားသမားအဖြစ်ရော စံချိန်တင်ထိပ်တန်းဂိုးသွင်းရှင်အဖြစ်ပါ ရှိနေတော့မှာဖြစ်ပါတယ်။ မက်ဆီရဲ့ မှော်ဆန်ဆန် နောက်ခံကစားသမားတွေကို ကျော်ဖြတ်တာ၊ ငါးပြားစေ့ အပေါ်ထောင့်ထဲကို အတိမ်းအစောင်းမရှိ ဝေ့ဝိုက်ကန်သွင်းတာ၊ ဘာစီလိုနာဂျာစီနဲ့ ဘောလုံးကို အံ့အားသင့်ဖွယ် ဆွဲပြေးလိမ်ခေါက်ကစားတာတွေကို မြင်တွေ့ခဲ့ရတာဟာ အလွန်အကျူး စိတ်ပျော်ရွှင်စရာဖြစ်ခဲ့ပြီး အဲဒါတွေဟာ ပြီးဆုံးသွားခဲ့ပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ အားလုံးဝမ်းနည်းကြေကွဲမင်သက်သွားကြမှာပါ။

ဒါပေမယ့် အမှတ်တရတွေဟာ သက်ဆုံးတိုင် အားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ ကျန်ရစ်နေတော့မှာဖြစ်ပြီး မက်ဆီရဲ့ ဘုရားပေးတဲ့ပါရမီနဲ့ ကစားသမားဘဝ စာမျက်နှာသစ်ဟာ ဘာဖြစ်မလဲဆိုတာကိုသာ အားလုံး စိတ်ဝင်တစား စောင့်မျှော်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။