ကမ္ဘာပေါ်က အသက်မွေးမှု အလွယ်ဆုံး နိုင်ငံတွေအကြောင်း ပြောတဲ့အခါ အဲ့ဒီနိုင်ငံတွေကို သွားဖို့ အလုပ်ဗီဇာ Work Visa ရလွယ်မှု ၊ အလုပ်အကိုင်ပေါများပြီး လူတန်းစေ့လုပ်ခလစာ ရနိုင်မှု ၊ ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းသေချာမှုတွေပါ ထည့်တွက်ပြောကြပါတယ်။

အခုပြောမှာကတော့ ပရော်ဖက်ရှင်နယ်လို နယ်ပယ်တစ်ခုခုမှာ ဆရာကျဝါရင့်သဘာရင့်တွေအပြင် အခုမှ နိုင်ငံခြားသွားပြီး အလုပ်ဝင်မယ့် Freshers တွေအတွက်ပါ အလုပ်ရဖို့ လွယ်ကူတဲ့ နိုင်ငံတွေအကြောင်း ဖြစ်ပါတယ်။ ကဲ … ဘယ်နိုင်ငံတွေများ ဒီစာရင်းမှာ ပါမလဲ ကြည့်လိုက်ရအောင်ပါ။

(၁) နယူးဇီလန်

New Zealand

Photo: theconversation

ကမ္ဘာပေါ်က အလုပ်ရှာဖို့ အကောင်းဆုံးနိုင်ငံတွေထဲမှာ ထိပ်ဆုံးက ဖော်ပြခံရတဲ့နိုင်ငံကတော့ နယူးဇီလန်ဖြစ်ပါတယ်။ အလုပ်လုပ်ဖို့အပြင် လူနေမှုဘဝမြင့်မားပြီး Work Visa လျှောက်ရာမှာလည်း လွယ်ကူတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံသားတွေနဲ့ ဒေသခံတွေကလည်း ဖော်ရွေလှိုက်လှဲမှုရှိလို့ နိုင်ငံရပ်ခြားက အလုပ်လုပ်မယ့်သူတွေ ပထမဦးစားပေး ရွေးချယ်သင့်တယ်လို့ ပြောကြပါတယ်။

လူဦးရေသိပ်သည်းဆ နည်းပြီး အလုပ်အကိုင် အခွင့်အလမ်းပေါများတာ ၊ အစိုးရကောင်းပြီး လူနေမှုဘဝစံချိန်စံညွှန်းမြင့်မားတာတွေက နယူးဇီလန်ကို နာမည်ကြီးစေတဲ့အချက်ဖြစ်ပါတယ်။ အလုပ်အကိုင်အနေနဲ့ သူနာပြုစောင့်ရှောက်မှု ၊ Programming ၊ လက်လီအရောင်း နဲ့ အင်ဂျင်နီယာအလုပ်အကိုင်တွေက နယူးဇီလန်မှာ အလုပ်ခေါ်ဆိုမှု အများဆုံးလို့ ဆိုပါတယ်။

(၂) ဩစတြေးလျ

Australia

Photo: theasialive

နယူးဇီလန်နဲ့ အိမ်နီးချင်းနိုင်ငံ ဩစတြေးလျကလည်း ရေခံမြေခံချင်း ယဉ်ကျေးမှုနဲ့ ထုံးစံချင်း တူတယ်လို့ ပြောနိုင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအရလည်း ဩစတြေးလျဟာ အလုပ်လုပ်ဖို့ ၊ အခြေချဖို့ ကောင်းတဲ့နိုင်ငံထဲမှာ ပါပါတယ်။ အလုပ်ရဖို့ လွယ်ပြီး GDP လို့ ခေါ်တဲ့ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးအားဖြင့်လည်း မြင့်မားတဲ့ စီးပွားရေးကောင်းတဲ့နိုင်ငံပါ။

အလုပ်အကိုင်အနေနဲ့ မီဒီယာ ၊ ကျန်းမာရေး ၊ ဟိုတယ်နဲ့ ဧည့်ဝန်ဆောင်မှု ၊ ဈေးကွက်ချဲ့ထွင်ရေးစတဲ့ အလုပ်တွေ ပေါပါတယ်။ နယူးဇီလန်လိုပဲ ဒေသခံတွေက ဖော်ရွေမှု ရှိကြပြီး လူမျိုးပေါင်းစုံ နေထိုင်ကြတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ပုံမှန်အလုပ်ချိန်ဟာ ညနေ ၅ နာရီမထိုးခင် သိမ်းလေ့ရှိတာကြောင့် အလုပ်ချည်း ကုန်းလုပ်စရာမလိုဘဲ ကိုယ်ရရှိတဲ့ဘဝလေးကို ခံစားဖို့ပါ အချိန်ပေးနိုင်တဲ့နိုင်ငံလို့ ဆိုရမှာပါ။

(၃) ကနေဒါ

canada-flag-immigration

Photo: HM Group

ကနေဒါဆိုတာ ကမ္ဘာပေါ်မှာ ပြောင်းရွှေ့လုပ်သား အများဆုံးလာကြတဲ့ နိုင်ငံတွေထဲက တစ်ခုပါ။ လူဦးရေသိပ်သည်းမှု နည်းပါးတာကြောင့် ကျွမ်းကျင်လုပ်သားတွေအတွက် အခွင့်အလမ်းတွေ ပေါများပါတယ်။ အလုပ်အကိုင်ပေါများသလို Work Visa လျှောက်ရလည်း လွယ်ပါတယ်။ ယဉ်ကျေးမှုပေါင်းစုံ ကြွယ်ဝပြီး လွတ်လပ်ငြိမ်းချမ်းတဲ့ နိုင်ငံဖြစ်လို့ အလုပ်ရှာသူတွေ ရင်အေးရမှာပါ။ တစ်ခုရှိတာက ရာသီဥတု အေးလွန်းတာကြောင့် သိပ်အေးခဲတဲ့ ရာသီနဲ့ အဆင်မပြေသူတွေအတွက်တော့ အလုပ်လုပ်ဖို့ အကောင်းဆုံးနိုင်ငံတစ်ခုတော့ ဖြစ်မှာ မဟုတ်ပါဘူး။

(၄) စကင်ဒီနေးဗီးယန်း နိုင်ငံများ

Scandinavian countries

Photo: lifeinnorway

စကင်ဒီနေးဗီးယန်းတွေထဲမှာ ဒိန်းမတ် ၊ နော်ဝေး ၊ ဆွီဒင် စတဲ့နိုင်ငံတွေ ပါပါတယ်။ ဒီဥရောပနိုင်ငံတွေဟာ ဘေးကင်းအန္တရာယ်ကင်း ၊ ရာဇဝတ်မှု ရှင်းပြီး လုံခြုံမှုအပြည့်ရှိတဲ့ နိုင်ငံတွေအဖြစ် ကမ္ဘာကျော်ပါတယ်။ ပညာရေးအဆောက်အဦအားကောင်းပြီး လူနေမှုဘဝလည်း အဆင့်အတန်းမြင့်မားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုဘဝလုံခြုံတေဲ့အပြင် လူတွေကလည်း ခင်မင်နှစ်လိုဖွယ်ကောင်းကြပါတယ်။ ဒီနိုင်ငံတွေမှာ အလုပ်အကိုင်တွေကလည်း အာမခံတွေနဲ့ လူမှုဖူလုံရေးတွေပါ ပေးထားပြီး တော်ရင်တော်သလောက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ပေါကြပါတယ်။

(၅) စင်္ကာပူ

Singapore

Photo: Klook Travel

အာရှရဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါင်းစုံ ရှိရာ နိုင်ငံတစ်ခုက စင်္ကာပူဖြစ်ပါတယ်။ ဘဏ္ဍာရေးတောင့်တင်ပြီး နိုင်ငံလူဦးရေရဲ့ ၃ ပုံ ၁ ပုံက နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။ အလုပ်ကြမ်းသမားကနေ ပရော်ဖက်ရှင်နယ် ပညာရှင်တွေအထိ လူပေါင်းစုံ အလုပ်လာလုပ်ရာ နိုင်ငံဖြစ်ပါတယ်။ လူနေမှုဘဝမြင့်မားပြီး ပညာတတ် ကော်လံဖြူလူတန်းစားတွေအတွက် ဒီနိုင်ငံမှာ အလုပ်မရှားပါဘူး။ လူနေမှုစရိတ် မြင့်မားပေမယ့် လခမြင့် အလုပ်အကိုင်ကောင်း ရဖို့လည်း မခက်ပါဘူး။ အထူးသဖြင့် နည်းပညာ ၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးပိုင်းက ပညာရှင်တွေ အလုပ်ရဖို့ လွယ်ကူတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

Featured Photo: theasialive