ဘရာဇီးလ်ဘောလုံးလောက ရွှေခေတ်မှာ ကွင်းထဲကိုတောင် ခြေမချဖူးဘဲ ဘရာဇီးလ်နိုင်ငံရဲ့ အကြီးမားဆုံးကလပ်အသင်းတွေထဲက အချို့ကို ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ဆယ်စုနှစ် ၂ ခုကြာ လှည့်ဖြားပြီး လစာ လိမ်ယူခဲ့တဲ့ ကစားသမားတစ်ဦး ရှိခဲ့ဖူးပါတယ်။

ဒီအဖြစ်အပျက်ဟာ လူတော်တော်များများအတွက် ယုံကြည်နိုင်စရာမရှိဘဲ ရယ်မောစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အသစ်ထွက်လာတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ ‘ကိုင်ဆာ- ဘောလုံးကို ဘယ်တုန်းကမှ မကစားခဲ့ဖူးတဲ့ အကောင်းဆုံးဘောလုံးသမား’ဆိုတဲ့ထဲမှာ ကိုင်ဆာလို့ အသင်းဖော်တွေကို နာမည်လိမ်ပြောထားခဲ့တဲ့ ကားလို့စ် ဟန်းနရစ် ရာပိုဆိုဆိုတဲ့ ဘောလုံးလောကရဲ့ လူလိမ်ဝိဇ္ဇာအကြောင်းကို သိသွားရင်တော့ သဘောပေါက်သွားမှာပါ။

ဒါရိုက်တာ လူးဝစ္စ မိုင်းစ်က ထူးဆန်းအံ့သြဖွယ်ရာ လိမ်ညာလှည့်ဖြားခဲ့တဲ့ ဇာတ်လမ်းကို GiveMeSport ကို အခုလို ပြောကြားခဲ့ပါတယ်။

Kaiser-poster

Photo: heyuguys

“ကျွန်တော်တို့ ဒီဇာတ်လမ်းကို မယုံကြည်တာကြောင့် အရင်တုန်းက ဘယ်သူကမှ ရိုက်ဖို့ မကြိုးစားခဲ့ကြပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ မှတ်တမ်းရုပ်ရှင်ထဲမှာ ဘရာဇီးလ်အသင်းရဲ့ ၁၉၇၀ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အသင်းခေါင်းဆောင် ကားလို့စ် အယ်လ်ဘာတို တောရက်စ်က ကိုင်ဆာကို တစ်နပ်စားကောင်အဖြစ် ဖော်ပြခဲ့ပြီး အဲဒါကို ငြင်းခုံဖို့ ခက်ပါတယ်။

၁၉၈၀ ကျော်ကာလက ရီယိုဒီ ဂျနဲရိုးမြို့မှာ ဖလာမင်ဂို၊ ဘိုတာဖိုဂို၊ ဗက်စ်ကိုဒဂါးမား သို့မဟုတ် ဖလူးမီးနန့်စ်တို့လို မြို့ကြီးလေးမြို့ရဲ့ အသင်းကြီး ၄ သင်းအတွက် ကစားပေးရတဲ့ ကစားသမားဖြစ်လာပြီဆိုရင် လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့အထိ ဘုန်းတန်ခိုးကြီးခဲ့ပါတယ်။ အဲဒါကို သိနေခဲ့တဲ့ ကိုင်ဆာက အဲဒီအသင်းတွေရဲ့ ကစားသမားဖြစ်လာချင်ခဲ့ပေမယ့် ဘောလုံးကစားရာမှာ သူက တော်တော်လေးကို ညံ့ဖျင်းပါတယ်။

အဲဒါကြောင့် ဘောလုံးသမားဖြစ်လာအောင် ကြိုးစားရမယ့်အစား ဖြတ်လမ်းနည်းကနေ မှင်သေသေနဲ့ လှည့်ဖြားခဲ့တယ်လို့ ဒါရိုက်တာ မိုင်းစ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

“ရီနာတို ဂါအူချိုက ၈၀ ကျော်ကာလတွေရဲ့ ကြယ်ပွင့်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဘရာဇီးလ်သားတွေနဲ့ ခင်ဗျား ပြောတဲ့အခါကျရင် သူတို့က သူ့ကို ဇီကိုနဲ့ တစ်တန်းတည်းထားပြောကြမှာပါ။ သူက ဘရာဇီးလ်မှာ စူပါစတားဖြစ်ပြီး အရမ်းကြည့်ကောင်းတဲ့သူပါ။ အမြဲတမ်း သတင်းစာတွေရဲ့ ရှေ့ဆုံးမှာ ပါခဲ့ပြီး အခုထိလည်း ပါနေတုန်းပဲ။ သူက ၈၀ ကျော်ကာလတွေရဲ့ ဒေးဗစ် ဘက်ခမ်းလိုမျိုးပါပဲ ။ ကိုင်ဆာရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးလောကထဲကို ဝင်တဲ့ နည်းလမ်းတွေထဲက တစ်နည်းက သူ့လိုမျိုး ဟန်ဆောင်ခဲ့တာပါ။ ငယ်ရွယ်သေးတဲ့ ကိုင်ဆာရဲ့ပုံစံနဲ့ ရီနာတိုနဲ့က တော်တော်လေးကို ဆင်တူပါတယ်”

“သူ အသင်းတွေထဲကို လွတ်လွတ်လပ်လပ် ဝင်လို့ ရခဲ့ပါတယ်။ သူ အစားအစာတွေကို အလကားစားတယ်။ သူက ရီနာတိုပါဆိုပြီး မရေမတွက်နိုင်တဲ့ မိန်းကလေးတွေနဲ့ ပျော်ပါးခဲ့လိမ့်မယ်။ နောက်ဆုံးမှာတော့ သူတို့ ၂ ယောက် တွေ့သွားခဲ့ပြီး အံ့အားသင့်စရာကောင်းစွာနဲ့ပဲ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြတယ်။ အဲဒီမှာပဲ ကိုင်ဆာက ဘရာဇီးလ်ဘောလုံးလောကရဲ့ ဒီလိုနာမည်ကြီးအကပ်နဲ့ မြင်းကို ချိုတပ်ပေးသလို ဖြစ်သွားခဲ့တာပဲ”

“သူတို့က တကယ့် ညီအစ်ကိုတွေလို ဖြစ်လာပြီး ပါတီအတူတူလုပ်ခဲ့ကြသလို အားလပ်ရက်တွေလည်း အတူတူ အပန်းဖြေခဲ့ကြပါတယ်။ သူက ကစားသမားတွေ လိုတာတွေ အကုန်လုပ်ပေးရတဲ့ ပြာတာလိုမျိုး ဖြစ်လာခဲ့တာပေါ့။ ဒါပေမယ့် ငွေသာ မရတာ သူ ဘောလုံးကလပ်တွေထဲကို ဝင်ချင်တယ်ဆိုရင် အဲဒီအသင်းတွေဆီ လျှောက်သွား၊ အစမ်းကစားပြပြီး အဲဒီအသင်းတွေထဲက အချို့က သူ့ကို စာချုပ်ကမ်းလှမ်းခဲ့ကြပါတယ်”လို့ မိုင်းစ်က ပြောပါတယ်။

Carlos Kaiser

Photo: The Telegraph

ကိုင်ဆာဟာ အဲဒီအချိန်တုန်းက နာမည်အကြီးဆုံးလူတွေရဲ့ စကားအရ ဂုဏ်သိက္ခာအကြီးမားဆုံးအသင်းတွေထဲက အချို့အသင်းတွေမှာတောင် ဟန်ဆောင်ဇာတ်လမ်းတွေ ရိုက်ပြခဲ့ပါတယ်။

“ဘီဘီတိုက သူ့ကို ဖလာမင်ဂိုအသင်းကို ခေါ်သွားခဲ့ပြီး ကားလို့စ် အယ်လ်ဘာတို တောရက်စ်ကို သူ့ကို လေ့ကျင့်ပေးဖို့ ပြောခဲ့တယ်”လို့ မိုင်းစ်က ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ကိုင်ဆာဟာ ပြီးတဲ့နောက်မှာ စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရပြီး ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်မှာပဲ ဘောလုံးနဲ့ မထိခင်မှာ ထူးခြားဆန်းကြယ်လှတဲ့ ကြွက်သားဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ဒီလို လှည့်ကွက်တွေ၊ ဖြတ်ထိုးဉာဏ်ကောင်းပြီး မျက်နှာပြောင်တိုက်တဲ့အကွက်တွေနဲ့ ကိုင်ဆာဟာ ဥရောပ၊ မက္ကဆီကိုနဲ့ အာဂျင်တီးနားနိုင်ငံက အသင်းတွေဆီ လှည့်ပတ်လိမ်ညာခဲ့ပါတယ်။

ကိုင်ဆာဟာ ဘောလုံးကလပ်အသင်းတွေနဲ့ စာချုပ်ချုပ်ဆိုထားခဲ့ပေမယ့် ဘယ်တုန်းကမှ ဘောလုံးကို မထိခဲ့ဘဲ ဒဏ်ရာရဟန်ဆောင်ပြီး နေနေခဲ့သလို အသင်းက ရိပ်မိစပြုလာပြီဆိုရင်လည်း အခြားအသင်းကို အလျင်အမြန်ပြောင်းရွှေ့ပြီး ဆက်လက်လိမ်ညာလှည့်ဖြားခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို လက်ရှိအချိန်မှာတော့ Amazon, iTunes တို့မှာ အခကြေးငွေနဲ့ ဝယ်ယူကြည့်ရှုနိုင်ပြီဖြစ်ပြီး ဘောလုံးလောကရဲ့ လူလိမ်ဝိဇ္ဇာတစ်ယောက်အကြောင်းကို အပြည့်အစုံသိချင်ရင်တော့ မဖြစ်မနေ ကြည့်ရှုသင့်ပါတယ်။

Featured Photo: CNN