ခပ်စိမ့်စိမ့် အေးတဲ့ ရာသီမျိုးမှာ ဖလန်နယ်ရှပ်နဲ့ Jean pant တွဲဝတ်ပြီး လမ်းလျှောက်ရတဲ့ အရသာဟာ လုံးဝပြီးပြည့်စုံတဲ့ ရသပေးပါတယ်။ ဖလန်နယ်ရှပ်တွေဟာ နွေးသလောက် အကြမ်းခံသလို ဝတ်ရတာလည်း သက်တောင့် သက်သာ ရှိစေပါတယ်။ ဖလန်နယ်ရှပ် မဝတ်ဖူးတဲ့ လူငယ်ဆိုတာ ရှားပါလိမ့်မယ်။

ဒီအထည်တွေရဲ့ သမိုင်းဟာ နှစ်ပေါင်း ၃၀၀ တောင် ကျော်ခဲ့ပါပြီ။ ဖလန်နယ်တွေကို ၁၇ ရာစုက ဝေးလ်စ်မှာ စတင် အသုံးပြုလာတာပါ။ ၁၆၀၀ ပြည့်လွန်နှစ်တွေနောက်ပိုင်းမှာ ဝေးလ်စ်ပြည်နယ်က အထည်အလိပ်လုပ်သားတွေဟာ နိုင်ငံရဲ့ တိမ်ထူစိုစွတ်ပြီး လေထန်တဲ့ ရာသီနဲ့ လိုက်ဖက်တဲ့ အထည်သားတစ်မျိုးကို ရက်လုပ်လာခဲ့ပါတယ်။

Photo: stitchfix

သူတို့ဟာ သိုးမွေးကို ပိုမို နူးညံ့ပြီး ခိုင်ခံ့တဲ့ ချည်ဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ချည်မျှင်ထုတ်ပြီး သန့်စင်တဲ့ နည်းလမ်းတွေ အဆင့်မြင့်လာတာကြောင့် သိုးမွေးချည်ရဲ့ အကြမ်းခံမှုနဲ့အတူ ပိုမိုပျော့ပျောင်းနူးညံ့တဲ့ ချည်သားတွေ ထုတ်နိုင်ခဲ့ပါတယ်။ ဒီအချိန်က စလို့ ဝေးလ်နယ်က ချည်မျှင်နဲ့ အထည်အလိပ်စက်ရုံတွေဟာ ဝေးလ်စ်နယ်က လယ်သမားတွေအတွက် ဖလန်နယ်ရှပ်တွေ ရက်လုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာ အလုပ်သမားလူတန်းစားတိုင်း ဝတ်ဆင်လာကြပြီး အင်္ဂလန်အပြင် ပြင်သစ်တို့ပါ ရောက်ခဲ့တာပါ။ ပိုပြီး အဆင့်မြင့်လာတဲ့ ချည်မျှင်ထုတ်လုပ်မှု နည်းပညာတွေကြောင့် ဖလန်နယ်ချည်သား ထုတ်လုပ်မှုဟာ အကြီးအကျယ် ဖွံ့ဖြိုးလာခဲ့ပြီး ကမ္ဘာအနှံ့ ဈေးကွက်ထဲ ရောက်လာခဲ့ပါတယ်။

ကမ္ဘာစစ်နှစ်ခုအတွင်းမှာ ဖလန်နယ်ရှပ်တွေကို အမေရိကန်စစ်တပ်သုံး ယူနီဖောင်းတွေအောက်မှာ အနွေးခံအောင် ဝတ်ရတဲ့ အထည်တွေအဖြစ် သုံးလာခဲ့ပါတယ်။ ဖလန်နယ်ဆိုတဲ့ စကားဟာ ဝေးလ်စ်စကား Gwlanen က လာပါတယ်။ အဓိပ္ပါယ်က သိုးမွေးထည်ပါပဲ။ ဝတ်ဆင်ရလွယ်ကူပြီး အကြမ်းခံတာကြောင့် အစောပိုင်း ရာစုနှစ်တွေမှာ စက်ရုံလုပ်သား နဲ့ အလုပ်ကြမ်း လုပ်သူတွေ အဝတ်များခဲ့ပါတယ်။

Photo: rokit

၁၉၇၈ ခုနှစ်မှာ အမေရိကန်လွှတ်တော်အမတ် လာမာအလက်ဇန်းဒါးဟာ တင်နက်ဆီပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်ဖို့ ပြည်နယ်အနှံ့ မိုင် ၁၀၀၀ လှည့်လည်သွားလာချိန်မှာ အနီနဲ့ အနက် ဖလန်နယ်ရှပ်ကို ဝတ်ဆင်ခဲ့ရာကနေ လူသိများသွားတာပါ။ အခုဆို ဖလန်နယ်တွေကို ကုမ္ပဏီမျိုးစုံက အမှတ်တံဆိပ်မျိုးစုံ ၊ ကာလာမျိုးစုံနဲ့ ထုတ်လုပ်လာပြီ ဖြစ်သလို ဖလန်နယ်ထည်ကို လူကြိုက်လည်း များနေပြီ ဖြစ်ပါတယ်။